(006SV)
အာရက္ခတပ်တော် ULA/ AA သိမ်းပိုက်ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ တိုက်နယ်တွင် ကုန်သည်များအပါအဝင် ဒေသခံ ၃၀၀ ဝန်းကျင်သည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကူးစက်ရောဂါ ဖြစ်ပွားနေပြီး ၃၀ ဦးမှာ အတွင်းလူနာအဖြစ် ကုသမှု ခံယူနေသည်ဟု သိရသည်။
ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိန္ဒိယနိုင်ငံ၊ လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာ၊ တွီဒန်းကျေးရွာ၊ လုံတင်းကျေးရွာများမှ အစပျိုးဖြစ်ပွားလာသော ပြင်းထန်ဝမ်းပျက်ကူးစက်ရောဂါသည် ရှင်းလက်ဝတိုက်နယ်က ဒေသခံများ၊ ကုန်သည်များကို ကူးဆက်ခံရခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် အတွင်းလူများတွင် ပြန်လည်သက်သာလာမှုများလည်း ရှိနေပြီဖြစ်ကြောင်း ULA/ AA ၏ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက နိုဝင်ဘာလ ၁၂ ရက်က ထုတ်ပြန်သည်။
ULA/ AA သည် ပလက်ဝမြို့နယ်ကို ခရိုင်တစ်ခုအဖြစ် သတ်မှတ်၍ အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင် ရွက်နေရာ အာရက္ခပြည်သူ့ ကျန်းမာရေးဌာနမှ အရေးပေါ် တုန့်ပြန်ရေးဆေးအဖွဲ့သည် ပလက်ဝခရိုင်မှ ဒေသအစိုးရအဖွဲ့များ၊ NGO/ CSO များနှင့် ပူးပေါင်း၍ ဆေးဝါးကုသခြင်း၊ ရောဂါမပြန့်ပွားအောင် ထိန်းချုပ်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများကို ချက်ချင်း လုပ်ဆောင်နေသည်ဟု သိရသည်။
နိုဝင်ဘာလ ၄ ရက်မှ စတင်၍ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ကူးဆက်လူနာ အသစ် ၅ ရာခိုင်နှုန်းအောက်သို့ လျှော့ကျလာသည်ကို တွေ့ရှိရပြီး ကူးဆက်မှု နှုန်းလည်း ကျဆင်းလာသည်ဟု ထုတ်ပြန်သည်။
ပလက်ဝမြို့နယ်နှင့် ဆက်စပ်ဒေသများမှ အန္တရာယ်ရှိသော အုပ်စု (ဒေသများ)ကို ဝမ်းပျက်ဝမ်းလျှောကူးစက်မြန် ရောဂါ ကြိုတင်ကာကွယ် ဆေးများ တိုက်ကျွေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို လုပ်ဆောင်နေပြီး ကူးစက်မှု နှုန်း လုံးဝ မရှိသည်အထိ ဆောင်ရွက်မည်ဟု သိရသည်။
အိန္ဒိယ – မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်တွင် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များ နေထိုင်သော စစ်ဘေးရှောင်စခန်းတချို့တွင် ဝမ်းရောဂါကူးဆက်မှု ဖြစ်ပွားနေရာ ကာကီးကျေးရွာတွင် မြန်မာစစ်ဘေးရှောင် ၂ ဦး၊ ဒေသခံ ၃ ဦး၊ လောင်မစူးရွာတွင် ၁ ဦးနှင့် လုံဒါးရ်ရွာတွင် တစ်ဦး စသဖြင့် စုစုပေါင်း ၇ ဦး သေဆုံးသည်ဟု သိရသည်။
သေဆုံးသူ ၅ ဦးအထိ ရှိနေသည့် ကာကီးကျေးရွာသည် အိမ်ခြေ ၂၅၀ ခန့်နှင့် ပြည်သူ ၈၀၀ ကျော် ရှိပြီး ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များလည်း နေထိုင်သည်ဟု သိရသည်။

