(002MG)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်က ချင်းအမျိုးသမီးတဦး ဟင်းရှာထွက်ရင်း တောထဲတွင် အဓမ္မပြုကျင့်ခံရပြီး လက်ရှိ ဆမီးဆေးရုံတွင် ဆေးကုသမူခံယူနေရသည်ဟု ဆမီးဒေသခံတဦးက ပြောသည်။
“မနက်ပိုင်းထွက်သွားတာ ညနေပိုင်းကျတော့ မပြန်လာဘူး၊ လူတွေက လိုက်ရှာတဲ့အခါ ချောင်းထဲ ခြုံပုတ်ထဲမှာ မြက်ပင်တွေနဲ့ ဖုံးထားတာကိုတွေ့လို့ ဆေးရုံမှာ အခုတော့ နည်းနည်းသက်သာပြီး သတိရလာပြီ။ ဘာမှတော့ ပြောလို့မထွက်နိုင်သေးဘူး၊ သူက တညလုံး အဓမ္မပြုကျင့်တာခံရတာ” ဟု ဆမီးမြို့ဒေသခံကပြောသည်။
အသက် (၃၅) နှစ်အရွယ်ခန့်ရှိသော အဆိုပါအမျိုးသမီးသည် နိုဝင်ဘာလ (၂၂) ရက်နေ့မနက်ပိုင်းတွင် ဟင်းရှာထွက်စဉ် နေအိမ်သို့ ပြန်မရောက်လာနိုင်သည့်အတွက် ရွာသားများက ရှာဖွေရာမှာ နိုဝင်ဘာလ (၂၃) ရက်နေ့ တွင် ဆမီးမြို့အနီး စောချောင်းဝတွင် ပြန်လည်တွေ့ရှိခဲ့ကြခြင်းဖြစ်သည် ဟု သိရသည်။
ယင်းအမျိုးသမီးသည် ဆမီးမြို့ပေါ်တွင် ကျန်းမာရေးမကောင်းသည့် မိခင်နှင့်အတူ နေထိုင်ခြင်းဖြစ်ပြီး သားသမီး (၃) ယောက်မိခင်ဖြစ်သည်ဟု သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ဆမီးမြို့သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့တခုဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ဆွေမျိုးအသိုင်းအဝိုင်းများမှ ရပ်ကွက်လူကြီးများထံ သွားရောက်ပြောဆိုမှုများရှိသော်လည်း လက်ရှိအထိ အရေးယူမှုတစုံတရာ ဆောင်ရွက်ပေးခြင်းများ မရှိသေးကြောင်း ဒေသခံကပြောသည်။