(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ အာရက္ခတပ်တော် ULA/ AA ၏ ထိန်းချုပ်ဒေသအတွင်း စစ်သားစုဆောင်းရန် စာရင်းကောက်မှုများကြောင့် စစ်မှုထမ်းအကျုံးဝင်သူနှင့် ၎င်းတို့၏ မိသားစုဝင် ရာချီသည် အိန္ဒိယဘက်ကို ထပ်မံ ထွက်ပြေး တိမ်းရှောင်လာသည်ဟု သိရသည်။
နိုဝင်ဘာလလယ်ခန့်မှစတင်၍ ပလက်ဝမြို့နယ်အောက်ပိုင်းဒေသရှိ ချင်းလူမျိုးများ အများဆုံးနေထိုင်သည့် လောက်တူ၊ စိမ့်ဆင်း၊ တုံးမဝ၊ ရီမဝ၊ လောက်ကဒူး၊ နှမဒါရွာများမှ စတင်ကာ တစ်ရွာဝင် တစ်ရွာထွက်၍ စစ်မှုထမ်း အကြုံးဝင် သူများ စာရင်းကို ကောက်ယူနေခြင်းဖြစ်သည်ဟု စစ်မှုထမ်းစာရင်းဝင်၍ အိန္ဒိယဘက် တိမ်းရှောင်နေသူတစ်ဦးက ပြောသည်။
“အခုက ပလက်ဝအောက်ပိုင်းမှာ စလုပ်တယ်။ အခုက တုံးမဝ ၊ ရီမဝတို့ဘက်ကို ရောက်နေပြီ။ တရွာဝင် တစ်ရွာထွက်ကို လုပ်နေတာ။ သူတို့က ပလက်ဝအထက်ပိုင်းကိုတော့ မရောက်သေးဘူးလို့ ပြောရမယ်။ ၄ ပုံ ၁ပုံလောက်တော့ ရောက်နေပြီ။ အောက်ပိုင်းမှာ ဒီလို လုပ်နေတယ်ဆိုတာကို တနယ်လုံး ပြန့်ပြီးတော့ တနယ်လုံးက လူတွေက မနေချင်တော့ဘူး။ အဲဒါကြောင့် ထွက်ပြေးတိမ်းရှောင်တဲ့ လူတွေ များနေတယ်” ဟု ယင်းဒေသခံက ပြောသည်။
နိုဝင်ဘာလလယ်မှ ဒီဇင်ဘာလ ပထမပတ်အထိ ပလက်ဝမှ အိန္ဒိယဘက်သို့ ထပ်မံထွက်ပြေးလာသူများသည် တွီဒန်းစစ်ဘေး ရှောင်စခန်းတွင် လူဦးရေ ၂၀၀ ကျော်၊ ကာကီစစ်ဘေးရှောင်စခန်းတွင် ၆၀ ခန့်၊ လောင်စွေ ကျေးရွာဘက်တွင် ၂၀ ကျော်၊ လုံပုကျေးရွာတွင် ၃၀ ခန့်၊ ဖယ်ခုံကျေးရွာတွင် ၃၀ နီးပါး ရောက်ရှိနေသည်ဟု လက်လှမ်းမိသော လတ်တလောစာရင်းအရ သိရသည်။
ULA/ AA က ၎င်းတို့ ထိန်းချုပ်ထားသည့် ပလက်ဝမြို့နယ်တွင် စစ်သားစာရင်းကောက်ယူမှုကို အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား၊ နှစ်နှစ်အောက် ကလေးငယ်ရှိလျှင် အမျိုးသမီးများ ကင်းလွတ်ခွင့် ရသည်ဟု သိရသည်။
“သူတို့က စစ်မှုထမ်းရမယ်လို့ တရားဝင် ကြေညာတယ်။ ရွာမှာ တစ်ရွာဝင် တစ်ရွာထွက် အစည်းအဝေး လုပ်တာပေါ့နော်။ ပြီးတော့ အသက်ပြည့်မိတဲ့ သူတို့ အကုန်လုံး ခေါ်မယ်လို့ ပြောတယ်။ ပလက်ဝမြို့ပေါ်က ရပ်မိရပ်ဖတွေကို အသုံးချတယ်လို့ ပြောရမှာပေါ့။ ခူမီလူကြီးတွေ ၄/ ၅ဦးကို ခေါ်ပြီးတော့ တစ်ရွာဝင် ၊ တစ်ရွာထွက် စည်းရုံးတာတွေ လုပ်တယ်” ဟု စစ်မှုထမ်းစာရင်းဝင်၍ အိန္ဒိယဘက် တိမ်းရှောင်နေသူတစ်ဦးက ပြောသည်။
လတ်တလောတွင် ပလက်ဝမြို့မှာ စစ်မှုထမ်း အကျုံးဝင်သူများ ထပ်မံ၍ အိုးအိမ်စွန့်ခွာ ထွက်သွားရန် ပြင်ဆင်နေမှုများလည်း ရှိသည်ဟု သိရသည်။
စစ်မှုထမ်းရန် အကျုံးဝင်သူနှင့် ၎င်းတို့၏ မိသားစုများသည် အိန္ဒိယဘက်သို့ ထပ်မံ၍ ထွက်ပြေးတိမ်းရှောင်လာမှုတွင် ကလေးငယ်နှင့် သက်ကြီးရွယ်အို ၃၀ ရာခိုင်နှုန်းခန့်ပါဝင်သည်ဟု ကူညီပေးသူများက ခန့်မှန်းထားသည်။
အသစ်ရောက်ရှိလာသော စစ်ဘေးရှောင်များအတွက် အခြေခံစားသောက်ကုန်များ၊ အိုးခွက်ပန်ကန်၊ စောင်၊ အနွေးထည်၊ အမိုးအကာများ၊ အိမ်ဆောက်လုပ်ရန် သစ်ဝါး ဝယ်ယူနိုင်ရေးအတွက် ငွေကြေးလည်း လိုအပ်နေကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ULA/ AA သည် စစ်ကောင်စီ လက်ထဲမှ သိမ်းပိုက်ပြီးနောက် ခရိုင်အဖြစ် သတ်မှတ်၍ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက််နေသည်ဟု သိရသည်။

