(006SV)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ရာ ကလေးငယ် ၄ ဦးအပါအဝင် ဒေသခံပြည်သူ ၇ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိကြောင်း ULA/AA နှင့် ပလက်ဝဒေသခံများထံမှ သိရသည်။
မတ်လ ၂၉ ရက် ညနေ ၄ နာရီခန့်က ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်အထက်ပိုင်းရှိ ကြောင်ချောင်းရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်၊ ရောကတ်တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။
“လေကြောင်းကနေ မနေ့က ၄ နာရီ ဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာ ၂ စီးလာပြီး ဗုံးကြဲသွားတာပါ။ အရင်တုန်းက အဲဒီဘက်မှာ ဗုံးကြဲတာမျိုး မရှိခဲ့ဘူး။ အရင်တုန်းကတော့ ပလက်ဝမှာ ကြဲတာမျိုး ရှိတယ်။ ဆမီးဘက်မှာ ကြဲတာ ရှိတယ်ပေါ့နော်။ အခုက ပလက်ဝရဲ့ အထက်ပိုင်း၊ ကုလားတန်းမြစ်ရဲ့ အထက်ပိုင်းမှာ အဲဒီရွာက ရှိတာပေါ့နော်။ အကြောင်းမဲ့ ဗုံးကြဲသွားတဲ့ ပုံစံပါပဲ”ဟု ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက ပြောသည်။
မည်သည့် ထိတွေ့တိုက်ပွဲမှ ဖြစ်ပွားခြင်း မရှိဘဲ ကြောင်ချောင်းရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဟုလည်း ULA/ AA က ယနေ့ မတ်လ ၃၀ ရက်မှာ ထုတ်ပြန်သည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အသက် ၈ နှစ်အရွယ် မောင်စိုးပိုင်လင်း၊ အသက် ၁၁ နှစ်အရွယ် မောင်စံလင်းထွန်း၊ အသက် ၁၀ နှစ်အရွယ် မောင်နေဆန်းအောင်၊ အသက် ၁၆ နှစ်အရွယ် မောင်အောင်ဆုလင်း၊ အသက် ၃၀ အရွယ် ဦးရွှေကျော်နှင့် အသက် ၃၃ နှစ်အရွယ် ဦးသန်းကျော်၊ အသက် ၄၈ နှစ်အရွယ် ဦးအောင်လှတို့ သေဆုံးရသည်ဟု ULA/ AA က ဓါတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။
အသက် ၈ လအရွယ် မောင်အောင်လှစိန်၊ အသက် ၅ နှစ်အရွယ် မောင်ဆန်းကျော်လျံ၊ အသက် ၁၈ နှစ်အရွယ် မမိဝှေ့၊ အသက် ၂၉ နှစ်အရွယ် ဒေါ်မနုစိန်တို့လည်း ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။
လေကြောင်းတိုက်ခိုက်မှုတွင် ကြောင်ချောင်းရွာ နေအိမ်တချို့လည်း မီးလောင်ပျက်စီးမှုများ ရှိကြောင်း၊ ULA/ AA ၏ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်၊ သေဆုံးရသော ကြောင်ချောင်းရွာ ဒေသခံများကို လူသားစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ပလက်ဝမြို့နယ်၊ ကုလတန်းမြစ် အထက်ပိုင်းတွင် တည်ရှိနေသော ကြောင်ချောင်းရွာကို ULA/ AA က ထိန်းချုပ်ထားပြီး ခူးမီးချင်းလူမျိုးများ အဓိက နေထိုင်သော ကျေးရွာဖြစ်ကြောင်း သိရသည်။

