အဆိုပါခူမီးလူမျိုးများ ပြန်လည်နှင်ထုတ်ခံရ
(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ အာရက္ခတပ်တော် ULA/AA ထိန်းချုပ်ထားသည့် ခူမီးကျေးရွာတချို့တွင် တပ်သား စုဆောင်မှု ခံနေရသောကြောင့် ဒေသခံများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရာ ဘင်္ဂလားဒေ့်ရ်နယ်ခြား စောင့်တပ် (BGB) က ပြန်လည်နှင်ထုတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ခူမီးချင်းလူမျိုးများ နေထိုင်ကြသည့် ပလက်ဝမြို့နယ်၊ ရှင်မဒိန်းကျေးရွာနှင့် ကူဝကျေးရွာတို့တွင် ULA/AA က တစ်အိမ်၊ တစ်ယောက်နှုန်း စစ်မှုထမ်းရန် ခေါ်ယူသည့်အတွက် အမျိုးသမီး ၂၂ ဦးနှင့် အမျိုးသား ၂၅ ဦး၊ စုစုပေါင်း ဒေသခံ ၄၇ ဦးတို့သည် ဇွန်လ ၄ ရက်က နေရပ်စွ့န်ခွာ ထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။
နေရပ်စွန့်ခွာသူများထဲတွင် ကလေးငယ် ၁၀ ဦးကျော် ပါဝင်ပြီး တချို့မှာ မိသားစုလိုက် ထွက်လာခြင်းဖြစ်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ရှိ ခူမီးချင်းလူမျိုးများ နေထိုင်သော သန်ချီမြို့နယ်၊ ရေမာခေရီကျေးရွာအုပ်စု၊ ဟွိုင်ကိုခူမီးကျေးရွာသို့ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် သွားခဲ့ခြင်းဖြစ်သည်ဟု ခူမီးသတင်းရင်းမြစ်များက ပြောသည်။
“ရှင်မဒိန်း၊ ကူဝကျေးရွာမှာ အေအေက တစ်အိမ်တစ်ယောက် စစ်မူးထမ်းခေါ်တော့ အားလုံးထွက်ပြေးကြတာပါ။ ထွက်ပြေး လာသူတွေထဲမှာ ကလေးတွေ ပါတယ်၊၊ အသက်မပြည့်ကလေးတွေပါတယ်၊၊ တချို့က မိသားစုလိုက် ပြေးတယ်” ဟု ခူမီးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါစစ်ဘေးရှောင်များနှင့် ပတ်သက်၍ ကျေးရွာလူကြီးများက ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ကို သတင်းပေးပို့ခဲ့ပြီး စစ်ဆေးမေးမြန်းမှုတချို့ ပြုလုပ်ခြင်းမျိုး ရှိကြောင်း သိရသည်။
“ဘင်္ဂလားဒေ့ရှ်ခူမီးတွေ နေတဲ့ ဆင်ဖာဝကျေးရွာမှာ စစ်ဘေးရှောင်နဲ့ ရောက်လာတယ်။ ရွာလူကြီးတွေက BGB နယ်ခြား စောင့်တပ်ကို သတင်းပို့ပေးတယ်။ သတင်းမပို့ပဲ လက်ခံရင် နောက်ပိုင်း ပြသနာဖြစ်မှာစိုးရိမ်လို့ပါ၊၊ BGB ကလည်း စစ်ဆေးမေးမြန်းတာပဲ ရှိတယ်။ ဖမ်းဆီးတာ၊ ရဲစခန်းထိန်းသိမ်းတာမရှိဘူး၊၊ ဒေသခံတွေကို ဖမ်းတာမရှိဘူး။ သူတို့ လုံခြုံတဲ့ နေရာမှာ ရှိနေတယ်လို့ ကျနော်တို့ သိထားပါတယ်” ဟု အဆိုပါ ခူမီးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲရှိ ခူမီးကျေးရွာကို ဇွန်လ ၄ ရက်မှာ ရောက်ရှိလာသော အဆိုပါခူမီးလူမျိုး ၄၇ ဦးကို ဘင်္ဂလားဒေ့ရ် နယ်ခြား စောင့်တပ် (BGB) က စစ်ဆေးမေးမြန်းပြီးနောက် ယာယီခိုလှုံရာစခန်းများ ဆောက်လုပ်နေထိုင်ခွင့်လည်း မပေးခဲ့ကြောင်း၊ ဇွန်လ ၇ ရက်က ပြန်လည်နှင်ထုတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ခူမီးချင်းလူမျိုး ဒေသခံတစ်ဦးက ပြောသည်။
“ပလက်ဝက ခူမီးလူမျိုး ၄၇ ဦးဟာ ဘင်္ဂလားဒေ့ရ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။ သူတို့ဟာ ULA/AA က စစ်ပွဲထဲကို အတင်းအဓမ္မ စေလွှတ်မှာကို စိုရိမ်းခြင်းနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရ်မှာ ဒုက္ခသည်ခိုလှုံခွင့် ရရှိရေး ကြိုးပမ်းခဲ့ကြပါတယ်၊၊ ဒါပေမယ့် သူတို့ဟာ မြန်မာနိုင်ငံကို ဇွန်လ ၇ ရက်မှာ အမြန်ဆုံး ပြန်လည် ပို့ခံခဲ့ရပြီး လက်ရှိမှာ ဘယ်နေရာကို ရောက်ရှိနေတာကို မသိရှိရသေးပါဘူး။ သူတို့ အခြေအနေဟာ အသက်အန္တရာယ် စိုးရိမ်းရပြီး လုံခြုံမှု မရှိတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိစေဖို့ ကျနော် တောင်းဆိုတိုက်တွန်းလိုပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ခူမီးချင်းလူမျိုး ဒေသခံတစ်ဦးက ပြောသည်။
ပလက်ဝမြို့နယ်ထဲက ခူမီးချင်းအပါအဝင် ဒေသခံများသည် အိန္ဒိယဘက်ခြမ်းနှင့် ပြည်မဘက်သို့လည်း နည်းလမ်းမျိုးစုံဖြင့် နေရပ်စွန့်ခွာ ထွက်လာနေကြောင်း ဒေသခံတချို့က ပြောသည်။
ပလက်ဝမြို့နယ်မှ ရှင်မဒိန်းနှင့် ကူဝကျေးရွာတို့သည် ဘင်္ဂလားဒေ့ရှ်ဘက်က ခူမီးချင်းကျေးရွာတို့နှင့် နေ့တစ်ဝက်ခရီး အကွာ အဝေးသာ ရှိကြောင်း သိရသည်။
ဇွန်လ ၂ ရက်က ပလက်ဝမြို့နယ်၊ ဥဿလင်းချောင်းက ခူမီးကျေးရွာတချို့တွင် Khumi People Front – KPF (ခူမီးတပ်မတော်)/ Khumi National Congress Party – KNCP အဖွဲ့က တပ်သားစုဆောင်းမှုများ ပြုလုပ်လာချိန်တွင် ULA/ AA ထိန်းချုပ်ထားသော ခူမီးကျေးရွာတချို့မှာလည်း တစ်အိမ်တစ်ယောက်၊ စစ်မှုထမ်းရန် တပ်သား စုဆောင်းမှုများ တကျော့ပြန် ကျယ်ပြန့်လာကြောင်း သိရသည်။
လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်းရှိ တခြားဒေသများမှာလည်း ULA/ AA သည် စစ်မှုထမ်း တပ်သားစုဆောင်းမှုများ ပြုလုပ်နေပြီး ပလက်ဝမြို့နယ်မှ ထွက်ခွာနေသော လူများကို ULA/ AA၏ နယ်စပ်ဂိတ်များတွင် ဖမ်းဆီးရမိပါက ၎င်းတို့၏ စစ်သင်တန်းကျောင်သို့ တိုက်ရိုက်ပို့နေကြောင်း သိရသည်။
#ပလက်ဝ #ခူမီး #စစ်ဘေးရှောင် #AA #ဘင်္ဂလားဒေ့ရှ်

