(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ် အမှတ် (၂) ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတဦး ဩဂုတ်လ (၃၁) နေ့ မနက်ပိုင်းတွင် မျှစ်ချိုးသွားစဉ် မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးခဲ့သည်ဟု ဆမီးမြို့ အမှတ်(၂) ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတဦးကပြောသည်။
ဆမီးမြို့ဒေသခံက “စနေနေ့ကဖြစ်တာ၊တနဂ်နွေနေ့က ဂြိုလ်တယ်။မြို့တွင်းရပ်ကွက်ထဲမှာပဲ ဖြစ်တာ မြို့ ဖြစ်ပေမယ့်တောရှိတာကိုး ဝါးမျှစ်ရှာသွားတဲ့အခါ မိုင်းနင်းမိတာ၊ ဆေးရုံတော့ရောက်ပေမယ့်ဆုံးသွား တယ်။ညာဖက်ခြေထောက်က ဒူးကနေဖြစ်သွားတယ်၊ ခြေထောက်အသားတွေ အကုန်လုံး အစိတ်စိတ် အမွှာမွှာ ဖြစ်ပြီးတော့ အသားကဘာမျှမကျန်ဘူး၊ ဆရာဝန်ပြောတာတော့ ပေါင်ကသွေးကြောအကြီးက ပြတ်သွားတဲ့အပြင် အချိန်ကြာလည်းကြာတယ် သွေးကလည်း လွန်သွားတာနဲ့ သတိမရတော့ဘူး ဘယ်လိုမှ ကယ်လို့မရတော့ဘူး” ဟု ပြောသည်။
မြေမြုပ်မိုင်းကြောင့် သေဆုံးသွားသူမှာ အသက် (၃၀) အရွယ် မနီဒုန်းဖြစ်ပြီး ခြေထောက်နှစ်ဖက်စလုံးပြတ်သွားကာ သွေးထွက်လွန်ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
သေဆုံးသွားသည့် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှာလည်း ၂၀၂၃ ခုနှစ်က အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း လက်နက်ကြီးသံ၊ သေနတ်သံများကြောင့် နှလုံးရပ်သေဆုံးခဲ့သည်ဟု သိရသည်။
လက်ရှိတွင် သားသမီး (၄) ဦးကျန်ခဲ့သည်ဟု သိရသည်။
ဆမီးမြို့ပေါ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမူကြောင့် ယခု အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ (၄) ဦးထိခိုက်ကာ (၃) ဦးသေဆုံးခဲ့ပြီး အမျိုးသားတဦးသည် မြေမြုပ်မိုင်းကြောင့် ခြေနှစ်ဖက် ဖြတ်တောက်ခဲ့ရသည်ဟု ဆမီးမြို့ခံထံမှ သိရသည်။