ဒေသခံတိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေဟု GKO ဆို
(006SV)
အာရက္ခတပ်တော် ULA/ AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အထက်တန်းသင်ရိုးသစ် ရေးဆွဲ၍ ရခိုင်ဘာသာစာဖြင့် ပြဌာန်းသင်ကြားမှုသည် ခူမီးချင်းလူမျိုးများနှင့် အခြားချင်းတိုင်းရင်သားများအပေါ် မထီမဲ့မြင် ပြုလုပ်ခြင်းဖြစ်ပြီး ဒေသခံတိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေကြောင်း ချင်းအင်အားစုများကပြော သည်။
ပလက်ဝမြို့နယ်မှာ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစာဖြင့် ပြဌာန်းပြီး ဒေသခံပြည်သူ အများစု၏ သဘောဆန္ဒမပါဘဲ အတင်းအဓမ္မသင်ကြားစေခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း (GKO)က စက်တင်ဘာလ ၆ ရက်ကြေညာချက်မှာ ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
၂၀၂၄ ဇန်နဝါရီလမှာ ပလက်ဝမြို့နယ်ကို ULA/AA က သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နေရာ နှစ်နှစ် ခန့်ရှိလာချိန် ယခုအခါ ပညာရေး သင်ရိုးညွှန်တမ်းကို ရခိုင်ဘာသာစာဖြင့် ပြဌာန်း၍ ဒေသခံချင်းပြည်သူများကိုပါ လေ့လာသင် ယူစေခြင်းဖြစ်သည်ဟု သိရသည်။
ဒေသခံပြည်သူအများစု၏ သဘောဆန္ဒမပါဘဲ မြို့နယ်အတွင်း လူနည်းစုတစ်ခု၏ ဘာသာစကားတစ်ခုဖြစ်သော ရခိုင်ဘာသာ စာ(စကား)ဖြင့် ပညာရေးသင်ရိုးညွှန်းတမ်း ပြဌာန်း၍ သင်ကြားစေခြင်းသည် ပလက်ဝမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ခူးမီးချင်းနှင့် အခြားချင်းတိုင်းရင်းသားများအပေါ် မထီမဲ့မြင့် ပြုလုပ်ရာ ရောက်သကဲ့သို့ ဒေသခံတိုင်းရင်းသား လူမျိုးများ အချင်းချင်းကြား စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေသည်ဟု GKO က ဆိုသည်။
ဒေသခံပြည်သူ အများစု၏ သဘောဆန္ဒမပါဘဲ မိမိတို၏ အလိုကျ အတင်းအဓမ္မ လုပ်ဆောင်ခြင်းသည် ကုလသမဂ္ဂ၏ ဌာနေတိုင်း ရင်းသားများဆိုင်ရာ အခွင့်အရေး ကြေညာစာတမ်း (UNDRIP) ကို ချိုးဖောက်ရာ ရောက်ပြီး ULA/ AA ၏ လုပ်ရပ်အပေါ် ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။
ပလက်ဝသည် ချင်းပြည်နယ်တောင်ပိုင်းမှာ တည်ရှိသော မြို့နယ်တစ်ခုဖြစ်ပြီး ရှေးအစဉ်အဆက် ခူမီးချင်းလူမျိုးများနှင့် အခြားချင်းမျိုးနွယ်စုဝင်များ စုစည်းနေထိုင်ရာ အချုပ်အခြာနယ်မြေဒေသတစ်ခုဖြစ်သည်ဟု GKO ထံမှ သိရသည်။
ပလက်ဝမြို့နယ်အတွင်း ရခိုင်စာအက္ခရာပါ အသံများဖြင့် စာသင်ကျောင်းများတွင် သင်ကြားပေးနေမှုအပေါ် ဒေသခံခူမီး ပြည်သူများက လက်ခံနိုင်သည့်နည်းတူ ခူမီးအမျိုးသားစည်းလုံးညွတ်ရေးပါတီ (KNUP) ကလည်း လုံးဝ လက်မခံပါကြောင်း စက်တင်ဘာလ ၅ ရက်မှာ ထုတ်ပြန်သည်။
ULA/AA ၏ အာရက္ခအမျိုးသားပညာရေးဌာနသည် ယခုနှစ်ပညာသင်နှစ်မှစတင်ပြီး ၎င်းတို့ ထိန်းချုပ်ထားသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၄ ခုတို့တွင် ၁၂ တန်း မြန်မာစာကို ရခိုင်ဘာသာသင်ရိုးသစ်ဖြင့် သင်ကြားနေသည်ဟု သိရသည်။
၂၀၂၀ ခုနှစ်၊ ချင်းပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ ပလက်ဝမြို့နယ်၏လူဦးရေမှာ တစ်သိန်းစွန်းစွန်းရှိ လာပြီး၊ ခူမီးချင်း အပါအဝင် ချင်းလူမျိုး ၈၀,၀၀၀ ကျော် (၈၀%)၊ ရခိုင်လူမျိုး ၁၈,၀၀၀ ကျော် (၁၈%) နှင့် ဗမာအပါအဝင် အခြား လူမျိုးများ ၃၀၀၀ ခန့် (၂%) ဖြစ်ကြောင်း သိရှိရသည်။

