(006SV)
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ ဈေးဆိုင်းတန်းကို စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူ ၁၈ ဦးအထိ သေဆုံးရှိလာပြီး ၎င်းတို့ထဲမှာ ကလေးငယ်နှင့် အမျိုးသမီး ၁၄ ဦးအထိ အများဆုံးပါဝင်နေကြောင်း ULA/ AA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၄ ရက် နေ့လယ် ၂ နာရီခန့်က စစ်ကော်မရှင်သည် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာမှ ဈေးဆိုင်တန်းကို ဂျက်ဖိုက်တာဖြင့် ပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်ဟု ULA/ AA ၏ လူသားချင်းစာနာထောက်ပံ့မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ထုတ်ပြန်ထားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၉ ဦးအပါအဝင် ဒေသခံပြည်သူ ၁၇ ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း၊ ၁၄ ဦးခန့်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယင်းတို့အထဲတွင်း ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်နေပြီး အရပ်သားနေအိမ်များနှင့် ဈေးဆိုင်အချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။
ယနေ့တွင် ထိခိုက်ဒဏ်ရာရရှိသူများထဲက အမျိုးသမီး ၁ ဦးထပ်မံ သေဆုံးသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ရေးနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိသော ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုသည် နိုင်ငံတကာစစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုကို ကျူးလွန်းခြင်းဖြစ်ကြောင်း၊ ဂျီနီဗာကွန်ဗင်းရှင်ပါ အရပ်သားများကို ကာကွယ်စောင့်ရှောက်ရမည့် အခြေခံမှုများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း HDCO ရုံးက ဖေဖော်ဝါရီလ ၂၄ ရက်က ထုတ်ပြန်သည်။

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် စစ်ကော်မရှင်၏ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို ဟန့်တားနိုင်ရန် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန် HDCO ရုံးက တောင်းဆိုထားသည်။
ULA/AA သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်ထဲက မြို့နယ်များကို စစ်ကော်မရှင်တပ်က ၂၀၂၆ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် မြောက်ဦး၊ ကျောက်တော်နှင့် ကျောက်ဖြူဖြစ်စဉ်များတွင် အရပ်သားပြည်သူများ အစုအလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

