(006SV)
ပဲခူးတိုင်းအနောက်ဘက်ခြမ်းက ဒေသတချို့တွင် စစ်ကောင်စီကို တော်လှန်ရေးစစ်ရေးလှုပ်ရှားမှုများကို အရှိုချင်းကာကွယ်ရေး တပ်ဖွဲ့ – ACDF သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးတွဲဖော်ဆောင်နေသည်ဟု သိရသည်။
ဧပြီလ ၂၇ ရက်က ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့တွင် စစ်ကောင်စီသည် အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ တော်လှန်ရေးမဟာမိတ်တပ်များက တိုက်ခိုက်ခဲ့ရာတွင် ချင်းတပ်ဖွဲ့ ACDF က ပူးတွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ အရှိုချင်းတပ် ACDF ကတော့ နေရာဒေသမရွေး တိုက်ပွဲဝင်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ကျနော်တို့ အရှိုချင်းတွေက တိုင်း ငါးတိုင်းနဲ့ ပြည်နယ် တစ်ခုတို့မှာ နေတာပေါ့နော်။ ကျနော်တို့ အရှိုချင်းတွေ ရှိတဲ့ နေရာတိုင်းကို တပ်နေရာချနိုင်အောင်လည်း ကြိုးစားနေပါတယ်။ အဲဒီဒေသမှာ စစ်ရေးလှုပ်ရှားတာက အဲဒီဒေသမှာ ကျနော်တို့ အရှိုချင်းလူမျိုးတွေလည်း ရှိပါတယ်။ ကျနော်တို့ ဘုံရန်သူ စစ်ကောင်စီကို တွန်းလှန်နေတဲ့ ဘယ်အဖွဲ့အစည်းနဲ့ မဆို ၊ အတူတူ တော်လှန်ပြီးတော့ စစ်ရေးလှုပ်ရှားဖို့ ကျနော်တို့မှာ မူဝါဒလည်း ရှိပြီးသားပါ” ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။
မင်းလှမြို့နယ်၊ ငမိုရိပ်ကျေးရွာမှ ဇရစ်မြောင်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို NUG အစိုးရ၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ တပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်ဟု NUG၊ ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဇရစ်မြောင်ကျေးရွာအနီး တိုက်ပွဲမှာ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းသည် တောင်ပြတ်ကျေးရွာမှတဆင့် ဂန့်ဂေါ်ပင်ကျေးရွာကို ဦးတည်သွားခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများအတွင်း ဂျက်ဖိုက်တာ ၂ စီးဖြင့် ပစ်ကူပေးခဲ့ပြီး ထောက်ကြန့်ကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။
ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦး သေဆုံးပြီး သေနတ်များ၊ ခဲယမ်းများ၊ ဗုံးသီးများနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
တိုက်ပွဲတွင် ဗျူဟာ ၂၂ က ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းများဖြစ်သော တပ်ရင်း ၃၇၀၁ ၊ ၃၈၀၁ ၊ ၃၈၀၂ ၊ ၃၈၀၃ နှင့်အတူ ACDF (Asho Chin Defense Force) က ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီမြစ်အနောက်ခြမ်းရှိ မကွေးတိုင်းဒေသတွင် စစ်ကောင်စီကို အဓိက တော်လှန်တိုက်ခိုက်နေသော ချင်းကာကွယ်ရေးတပ် ACDF သည် ပဲခူးတိုင်းဒေသအနောက်ခြမ်းရှိ စစ်ရေးလှုပ်ရှားမှုများတွင် NUG တပ်များနှင့်အတူ ပူးတွဲဖော်ဆောင်လာခြင်းဖြစ်သည်။
အရှိုချင်းလူမျိုးများသည် ပဲခူးတိုင်းဒေသထဲတွင် ပြည်ခရိုင်မှ ပေါက်ခေါင်းနှင့် ပန်းတောင်မြို့နယ်၊ သာယာဝတီခရိုင်မှ အုတ်ဖိုးမြို့နယ်၊ နတ်တလင်းခရိုင်မှ ဇီကုန်းမြို့နယ်တို့တွင်လည်း နေထိုင်ကြသည်ဟု သိရသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်က အရှိုချင်းကာကွယ်ရေးတပ် – ACDF တပ်ရင်း – ၃ စစ်ရေးလှုပ်ရှားနယ်မြေဖြစ်သည့် ပဲခူးရိုးမအစပ်က မြို့နယ်အတွင်းရှိ အရှိုချင်းကျေးရွာများကို စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်တချို့သည် ထွက်ပြေးလာရာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့သည်ဟု ACDF က အောက်တိုဘာလ ၁၇ ရက်က သတင်းထုတ်ပြန်ထားသည်။