(005MK)
မီဇိုရမ်ပြည်နယ်တွင် ပြစ်မှုတခုခုပေါ်လာတိုင်း စစ်ဘေးရှောင်များအပေါ် အခြေအမြစ်မရှိ အပြစ်ပုံချကာ စစ်ဘေးရှောင် များအား နာမည်ပျက်စေရန် ဝါဒဖြန့်မှုများရှိနေသည့်အပေါ် စိတ်မကောင်းဖြစ်ရပြီး ချင်း(ဇို) မျိုးနွယ်စုများအကြား စည်း လုံးညီညွတ်မှု ထိခိုက်နိုင်သည်ဟု မီဇိုးကျောင်းသားသမဂ္ဂ MZP က ပြောဆိုလိုက်သည်။
ယနေ့ဧပြီလ ၈ ရက်နေ့မနက်ပိုင်း ၁၁ နာရီတွင် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ MZP ဗဟိုဌာနချုပ်တွင် စစ်ဘေးရှောင် အရေးနှင့်ပတ်သက်၍ အစည်းအဝေးတရပ်ကျင်းပပြုလုပ်ခဲ့ကြရာမှာ လတ်တလောမီဇိုရမ်ပြည်နယ်တွင် ဖြစ်ပွားနေ သည့် အခြေအနေအပေါ် မီဇိုးကျောင်းသားသမဂ္ဂ MZP က ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
“မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးရှောင်တွေ များသထက်များလာတဲ့အပေါ်မှာ မကြည်ဖြူမရှုဆိတ် ငြိုငြင်ပြောဆိုမှုတွေ များလာပါတယ်၊ စစ်ဘေးရှောင်တွေထဲမှာ အပြစ်ကျူးလွန်သူရှိရင် ဥပဒေကြောင်းအရ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးဖို့ အာဏာပိုင်တွေကိုတောင်းဆိုပါတယ်၊ တချိန်တည်းမှာဘဲ ပြစ်မှုတခုခုပေါ်လာတိုင်းမှာ စစ်ဘေးရှောင်တွေကို အခြေအမြစ်မရှိစွပ်စွဲတာ၊ စစ်ဘေးရှောင်တွေကို နာမည်ပျက်အောင် ဝါဒဖြန့်လှုံဆော်သူတွေရှိနေတာဟာ စိတ်မကောင်း စရာဖြစ်ပါတယ်၊ ဒီအရာတွေဟာ မိမိတို့ ချင်း(ဇို) မျိုးနွယ်စုတွေရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်စေပါတယ်” ဟု MZP ၏ ယနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ယခုရက်ပိုင်းအတွင်း လူစည်ကားရာနေရာတချို့မှာ ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်သူများမှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်များဖြစ်သည်ဟု လူမှုကွန်ယက်စာမျက်နှာများတွင် သတင်းမျာပြန့်နှံ့ခဲ့သည်။
ယင်းအခြေအနေကြောင့် စစ်ဘေးရှောင်များအပေါ် အမုန်းပွားမှုပိုများလာစေပြီး တချို့ရပ်ကွက်များတွင် စစ်ဘေးရှောင်များအား နေထိုင်ခွင့်မပြုခြင်း၊ သက်သေအထောက်အထားမပါရှိလျှင် အိမ်ငှါးခွင့်မပြုရန် ထုတ်ပြန်မှုများလည်း ရှိလာနေသည်။
သို့သော်လည်း အဆိုပါဖြစ်စဉ်များကို မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးသည့်အခါမှာ ယင်းဖြစ်စဉ်များတွင် စစ်ဘေးရှောင်များပါဝင်ပတ်သက်ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ယခုကဲ့သို့ စစ်ဘေးရှောင်များအပေါ် အမုန်းပွားစေမည့်သတင်းမှားများ ဖြန့်ဝေသည့်ကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ရဲတပ်ဖွဲ့ က သတင်းအမှန်ကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ပေးနိုင်သည့်အပေါ်မှာလည်း ကျေးဇူးတင်ကြောင်း MZP က ဆိုသည်။
မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် စစ်ဘေးရှောင်များအား စနစ်တကျစောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သော ဥပဒေ များအမြန်ဆုံးပြဌာန်းရန်လည်းလိုအပ်ပြီး ထိုကဲ့သို့ဆောင်ရွက်နိုင်မှသာ မီဇိုးလူထု နှင့် စစ်ဘေးရှောင်များအကြား နားလည်မှုပြန်လည်တည်ဆောက်နိုင်မည်ဟုမျှော်လင့်ကြောင်း MZP က ပြောသည်။
ချင်း (ဇိုး) မျိုးနွယ်စုများအကြား စည်းလုံးညီညွတ်မှုပြိုကွဲစေနိုင်သော ဆောင်ရွက်မှုများ နှင့် စကားလုံးအသုံးအနှုန်းများ ထုတ်ဖော်ပြောဆိုခြင်းမပြုလုပ်ကြရန် MZP က တောင်းဆိုထားသည်။
မြန်မာနိုင်ငံ နှင့် မဏိပူရ်ပြည်နယ်က နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများကို နွေးထွေးစွာလက်ခံကြိုဆိုစောင့်ရှောက်ခြင်းသည် မီဇိုးလူမျိုးများ၏ ရိုင်းပင်းကူညီတတ် သောအလေ့အထ နှင့် ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကိုယ်းကွယ်သူများအနေဖြင့် မဖြစ်မနေဆောင်ရွက်ရမည့်အရာလည်းဖြစ်သည်ဟု MZP ကပြောသည်။
မီဇိုရမ်ပြည်နယ်သည် ချင်း (ဇို) မျိုးနွယ်စုများအားလုံး၏ ခိုလုံရာအိမ်ကြီးလည်းဖြစ်သောကြောင့် မီဇိုရမ်ပြည်နှင့် ထိစပ်နေသောဒေသမှာ ဒုက္ခရောက်နေကြသူများက အဓိကခိုလုံရာအဖြစ်ရောက်ရှိလာကြခြင်းသည်လည်း မီဇိုရမ် အတွက်ကံကောင်းခြင်းဖြစ်သည်ဟု ယူဆကြောင်း MZP ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။