(005MK)
မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့ Bethel ရပ်ကွက် မီဇိုးလူငယ်အသင်း YMA က မြန်မာစစ်ဘေးရှောင် ၈ ဦးကို လိမ်လည်လှည့်ဖြားမှုကျူးလွန်သည်ဟုဆိုကာ မီဇိုရမ်ပြည် နယ်ကနေ ထွက်ခွါသွားရန် အသိပေးညွှန်ကြားထားကြောင်းသိရသည်။
ကျန်ဖိုင်းမြို့ Bethel ရပ်ကွက် YMA ၏ ထုတ်ပြန်ချက်အရ အဆိုပါစစ်ဘေးရှောင် စီးပွားရေးသမား ၈ ဦးတို့သည် ကျန်ဖိုင်း၊ အိုင်ဇောလ်နဲ့ အခြားကျေးရွာအသီးသီးတွင် ဒေသခံပြည်သူများကို လိမ်လည်လှည့်ဖြားနေကြသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ၎င်းတို့ ၈ ဦးကို ဇွန်လ ၂၅ ရက်ညက ခေါ်ယူတွေ့ဆုံခဲ့ကာ ယခုသီတင်းပတ်အတွင်း မီဇိုရမ်ပြည်နယ်ကနေ အပြီးအပိုင်ထွက်ခွာသွားရန် သတိပေး ညွှန်ကြားလိုက်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ စစ်ဘေးရှောင် ၈ ဦးသည် Farkawn ကျေးရွာဘက်တွင် ဒေသခံပြည်သူများကို လိမ်လည်လှည့်ဖြားရာမှ တစ်ဆင့် ၎င်းတို့၏ လုပ်ရပ်များကို စတင်သိရှိခဲ့ကြခြင်းဖြစ်သည်ဟု YMA ကဆိုသည်။
သို့သော်လည်း မည်သည့် ပုံစံဖြင့် လိမ်လည်လှည့်ဖြားမှုများဆောင်ရွက်ခဲ့ကြသည်ကိုမူ YMA က အသေးစိတ်ဖော်ပြ ခြင်းမရှိပေ။
ကျန်ဖိုင်း Bethel ရပ်ကွက် YMA ၏ ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ လိမ်လည်လှည့်ဖြားပြီး အသက်မွေး ဝမ်းကျောင်းပြု နေထိုင်သူများကို မည်သူတစ်ဦးတစ်ယောက်ကမှ ဧည့်သည်အဖြစ် လက်မခံကြရန်နှင့် မိမိတို့ရပ်ကွက် အတွင်း ပေးမနေ ကြရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းထားကြောင်း ဖော်ပြထားသည်။
ယခုကဲ့သို့ မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွါသွားရန် အသိပေးညွှန်ကြားခံရသူများမှာ Dalsiamsum (၁၈ နှစ်)၊ Liansiansian (၃၀ နှစ်)၊ Pa Singa (၄၆ နှစ်)၊ Nangkhankham (၃၄ နှစ်)၊ Khupsuanmung (၄၁ နှစ်)၊ Tuangsianmung (၂၃ နှစ်)၊ Dalsianlian (၂၉ နှစ်) နဲ့ Pausiankhai တို့ဖြစ်ကြသည်။
Photo- Bengvarna

