(004SS)
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ကျန်ဖိုင်း (Champhai) နှင့် ဇိုခေါထာရ် (Zokhawthar) ဝန်းကျင်တွင် ရောက်ရှိ ခိုလှုံနေ ကြသည့် CDM တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင် မိသားစုများအတွက် ရည်ရွယ်သည့် မိသားစုလူမှု တွေ့ဆုံပွဲတစ်ရပ်ကို ပြည်သူ့ပန်းတိုင် အဖွဲ့က ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် ကျန်ဖိုင်းမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ၎င်းအဖွဲ့၏ ထုတ်ပြန် ချက်အရ သိရသည်။
အဆိုပါ တွေ့ဆုံပွဲကို မြေပြင်ရှိ CDM မိသားစုဝင်များနှင့် အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြည်သူ့ပန်းတိုင်အဖွဲ့၏ လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များကို အသိပေးရှင်းလင်းခြင်း၊ CDM မိသားစုဝင်များ ကြုံတွေ့နေ ရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် ရှေ့ဆက်လက်တွဲဆောင်ရွက်နိုင်မည့် အလားအလာများနှင့် အကြံပြုချက်များကိုပါ ရယူဖလှယ်နိုင်ခဲ့သဖြင့် မိသားစုဝင်များအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ခဲ့ကြောင်း အဆိုပါ အဖွဲ့က ဆိုသည်။
ယခုပြုလုပ်သည့် မိသားစုလူမှုတွေ့ဆုံပွဲသို့ CDM တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင် ၁၈ ဦး၊ မိသားစုဝင် ၅ ဦးနှင့် ပြည်သူ့ ပန်းတိုင်အဖွဲ့ဝင် ၂ ဦး၊ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများကို ပြည်သူ့ပန်းတိုင်အဖွဲ့က နံနက်စာနှင့် နေ့လယ်စာတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ပြည်သူ့ပန်းတိုင် အဖွဲ့သည် ပြည်သူ့ဘက်သို့ ရပ်တည်လာခဲ့ကြသည့် CDM စစ်သား၊ ရဲ နှင့် မိသားစုဝင်များအတွက် စနစ်ပြောင်းတော်လှန်ရေးတွင် လိုအပ်သည့် ဘာသာရပ်ဆိုင်ရာဗဟုသုတများ သင်ကြားပို့ချပေးခြင်း၊ လုံခြုံရေးဆိုင်ရာ ကူညီဆောင်ရွက်ပေးခြင်း၊ ခိုလှုံရာနေရာ ဖန်တီးပေးခြင်း၊ ရိက္ခာနှင့် ကျန်းမာရေးဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။
ထို့အပြင် CDM မိသားစုဝင်များ ရေရှည်ရပ်တည်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် သက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ သင်တန်းများကိုလည်း ကဏ္ဍစုံမှ တတ်စွမ်းသမျှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

