(003PT)
ချင်းပြည်နယ် ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့ ယနေ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့များသည် မြို့တွင်းပြည်သူများနှင့် ကုန်တင်ကားများအား အမျိုးမျိုး ဒုက္ခပေးနေသည့်အတွက် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းကပြောသည်။
“သူတို့က မြို့တွင်းမှာပြည်သူတွေကို ဒုက္ခပေးတဲ့ပုံစံမျိုးဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမဟာမြိုင်လမ်းပိတ်တော့ ဒီမန္ဒလေးဖက်က ကားကြီးတွေ ဒီချင်းပြည်နယ် ဟားခါးဖက်ကနေ ကလေး အဲ့လိုသွားကြတာ။ အဲ့မှာ သူတို့ ကားကြီး တွေကို တစ်စီးကို တစ်သိန်း နှစ်သိန်း အဲ့လိုကောက်တာမျိုးတွေရှိတယ်။ နောက်ပြီးတော့ မြို့တွင်းမှာ တွေ့တဲ့ကားတွေကို ချောဆွဲပြီးတော့ သူတို့ကြိုက်တဲ့ဟာအတင်းအဓမ္မခိုင်းတာမျိုးရှိတယ်၊ နောက်ပြီးတော့ ပိုက်ဆံပေးတာလည်းမဟုတ်ဘူး။ အဲ့ကားသမားတွေကပဲ ဝယ်ပေးရတာ။ နောက်ပြီးတော့ တွေ့တဲ့လူကို ပိုက်ဆံဘယ်လောက်ပေးပါ ဟင်းသွားဝယ်ပေးပါ ဆိုပြီး အတင်းအဓမ္မခိုင်းတာမျိုးရှိတဲ့အတွက် ကျွန်တော်တို့က ခုလို ဖော်ဆောင်ရခြင်းဖြစ်ပါတယ်” ဟု ဆလိုင်းကျုံးငိုင်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် CNDF တပ်ဖွဲ့တို့သည် ယနေ့မနက် ၁၀ နာရီခန့်တွင် ကျင်မွလ်ရပ်ကွက် စေတီအနီးတစ်၀◌ိုက်တွင် တစ်ကြိမ်၊ မွန်းလွဲပိုင်း ၁ နာရီခန့်တွင် မြို့ထဲလမ်းဆုံအနီးတွင်တစ်ကြိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးရဲလင်း သေဆုံးခဲ့သည်ဟု သိရသည်။