(004SS)
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ ကလေး-ဖလမ်းလမ်းမပေါ်ရှိ လုမ်းဘန်ကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် နေအိမ် ၄ လုံးခန့်ပျက်စီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၁ ရက်၊ နေ့လယ် ၁၁ နာရီဝန်းကျင်တွင် စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာ တစ်စင်းသည် လုမ်းဘန် ကျေးရွာအတွင်းသို့ နှစ်ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဗုံးတစ်လုံးမှာ လုမ်းဘန်တိုက်နယ်ဆေးရုံအနီးသို့ ကျရောက်ခဲ့ပြီး နောက်ထပ် တစ်လုံးမှာ ရွာအဝင်ရှိ နေအိမ်တစ်လုံးပေါ်သို့ တိုက်ရိုက်ကျရောက်ခဲ့ကာ စုစုပေါင်း နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ဂျက်ဖိုက်တာ ၁ စင်းက ပေါင် ၅၀၀ ဗုံး ၂ လုံးပစ်ချတာ။ တစ်လုံးက လုမ်းဘန်တိုက်နယ်ဆေးရုံအနီးမှာကျတယ်။ အဲဒီ ဆေးရုံကတော့ ပိတ်ထားတာကြာပြီပေါ့နော်။ အနီးအနာထိခိုက်တာတော့ မရှိဘူး။ နောက်ဗုံးတစ်လုံးက ရွာအဝင်နားက နေအိမ်တစ်လုံးပေါ်ကျတယ် တိုင်တောင်ရစရာမရှိတော့ဘူး ကျေမွကုန်တယ်။ အနီးနားက နောက်ထပ် နေအိမ် ၃ လုံးကလဲ ပျက်စီးသွားတယ်။” ဟု မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ဒေသခံများမှာ ဘေးလွတ်ရာသို့ ထပ်မံတိမ်း ရှောင်နေကြရကြောင်း သိရသည်။
“ပြည်သူတွေကတော့ အထိအခိုက်မရှိဘူးပေါ့နော်။ ပြီးခဲ့တဲ့တစ်ခေါက်ဗုံးကြဲတုန်းကလဲ အကုန်လုံးတော့မဟုတ်ပေမဲ့ ရွာသားတွေ စစ်ဘေးရှောင်ကြတယ်။ အခုကအားလုံးနီးပါရှောင်ကြပြီ။ ဒါပေမဲ့ နေအိမ်ခဏလာကြည့်တာတို့ ဘာတို့တော့ ရှိတာပေါ့နော်” ဟု ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်၊ မနက်ပိုင်းတွင်လည်း စစ်ကော်မရှင်တပ်သည် Y-12 လေယာဉ်ဖြင့် လုမ်းဘန်ရွာအပါ အဝင်၊ ဟားခါးမြို့နယ်အတွင်းရှိ ချင်ခွာ (Cin Khua) နှင့် ဇိုခွာ (Zokhua) ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုတွင်လည်း ချင်ခွာရွာမှ ဒေသခံ ၃ ဦးနှင့် လုမ်းဘန်ရွာမှ ဒေသခံ ၁ ဦး စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။
အလားတူ ဖေဖော်ဝါရီ ၁၀ ရက်ကလည်း ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား ၆ ဦး သေဆုံးခဲ့သည်။
၂၀၂၆ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်သည် ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော နယ်မြေ များကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာနေကြောင်း၊ ပြည်သူထိခိုက်သေဆုံးမှုအပြင် နေအိမ်ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားလာနေကြောင်း သိရသည်။

