(006SV)
ဖလမ်းမြို့- ဗာရ်းရွာအကြားနှင့် ဆူရ်ဘုန်လေဆိပ်- လှောင်မွလ်ရွာအကြားတို့တွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ် များနှင့် အာဏာသိမ်းစစ်တပ်တို့သည် ယနေ့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်ဟု ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (CNO/ CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။
ယနေ့ ဧပြီလ၂၃ ရက်တွင် နံနက်ပိုင်းကတည်းက ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်နှင့် CC/ CB ချင်းပူးပေါင်းတပ်တို့သည် ဖလမ်းမြို့အနီးနှင့် ဆူရ်ဘုန်လေဆိပ်အနီးတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။
“တိုက်ပွဲတွေက မိုးမလင်းခင်ကတည်းက ဗာရ်းရွာနဲ့ ဖလမ်းကြားမှာ ဖြစ်ပွားနေပါတယ်။ နောက်တစ်ခုက လှောန်မွလ် နဲ့ ဆူရ်ဘုန်လေဆိပ်ကြားမှာလည်း ကျနော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေက တော်တော်လေး ပြင်းထန်နေပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။
စစ်တပ်သည် ဖလမ်းမြို့ကို ပြန်လည်သိမ်းနိုင်ရေးအတွက် ယနေ့ ထိုးစစ်ဆင်နေမှုတွင် မနက်ကတည်းမှ နေ့လယ် ၁၂ နာရီခန့်အတွင်း လေယာဉ် ၆ စီးမှ ၁၀ စီးခန့်အထိ ရောက်ရှိလာပြီး လေကြောင်းတိုက်ခိုက်မှုကို အလွန်အကျွံ အသုံးပြုနေသည်ဟု သိရသည်။
လက်ရှိတွင် ဖလမ်းမြို့ကို စစ်တပ်စစ်ကြောင်းများ ရောက်ရှိနေပြီဟု သတင်းများ ထွက်ပေါ်နေမှုကို CNO/ CNDF ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပြီး စစ်တပ်စစ်ကြောင်းများကို အကောင်းဆုံး ခုခံတွန်းလှန်လျက်ရှိသည်ဟု သိရသည်။
“ဖလမ်းမြို့ကို စစ်တပ်က မရောက်သေးပါဘူး။ ဒရုန်းနဲ့ရော၊ လက်နက်ကြီးနဲ့ရော Y- 12 လေယာဉ်နဲ့ရော လေယာဉ်တွေပါ သုံးပါတယ်။ တကယ့်ကို ဒီနေ့ ဖလမ်းကို မရောက်ရောက်အောင် ဆိုတဲ့ ပုံစံမျိုးနဲ့ စစ်ကြောင်းထိုးတဲ့ ပုံစံမှာ ရှိပါတယ်။ ကျနော်တို့ဘက်လည်း အကောင်းဆုံး ခုခံနေတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။
အာဏာသိမ်းစစ်တပ်သည် ဖလမ်းမြို့ကို ပြန်လည်း ရရှိရေးအတွက် စစ်အင်အားထောင်ချီဖြင့် စစ်ကြောင်းများ ဖြန့်ခွဲပြီး လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူအများအပြားဖြင့် ထိုးစစ်ဆင်နေသည်မှာ ၆ လနီးပါးရှိနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်မှ စတင်၍ စစ်တပ်သည် ကလေး- ဝေဘုလ စစ်ကြောင်း၊ ကလေး- သိုင်းငင်း စစ်ကြောင်းတို့ဖြင့် အင်အား ၈၀၀ ဝန်းကျင်ဖြင့် ချင်းတောင်ပေါ်ကို ထိုးစစ်ဆင်ခဲ့ပြီး ချင်းပူးပေါင်းတပ်များနှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေခဲ့သည်ဟု သိရသည်။
ထို့နောက် စစ်အင်အားနှင့် လက်နက်ခဲယမ်းများ ထပ်မံ ဖြည့်တင်းပြီး ၂၀၂၆ ဖေဖော်ဝါရီလတွင် သိုင်းငင်းမှတဆင့် စစ်အင်အား ရာချီသည် ဗားရ်တံတားဘက်သို့ ဦးတည်၍ ထိုးစစ်ထပ်မံ ဖွင့်ခဲ့ကာ လက်ရှိတွင် ဖလမ်းမြို့အနီးနှင့် ဆူရ်ဘုန်လေဆိပ်အနီးသို့ ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။

