(004SS)
ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ၅ လအတွင်းမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု နှင့် မြေပြင်တိုက်ပွဲများကြောင့် ဖလမ်းမြို့ပေါ်က ဘုရားကျောင်းအပါအဝင် ပြည်သူနေအိမ် နှင့် အစိုးရအဆောက်အအုံပေါင်း ၅၀၀ ခန့် ပျက်စီးခဲ့ရကြောင်း CNO/CNDF တာဝန်ရှိသူကပြောသည်။
“ကျွန်တော်တို့ ဖလမ်းမြို့က ပျက်စီးသွားတဲ့ နေအိမ်တွေက ဂျက်ဖိုက်တာနဲ့ပစ်လို့ လုံးလုံးလျားလျား ပျက်စီးတာ၊ ပြင်လို့ မရတာ ၆၈ လုံးရှိတယ်။ တခြားပြင်လို့ရတဲ့ဟာ Y-12 ကနေပစ်လို့ ခေါင်မိုးပျက်စီးတာမျိုးက ၂၁၇ လုံးရှိပါတယ်။ ကျန်တဲ့ ဟာတွေကတော့ အစိုးရအဆောက်အအုံတွေပါ။ နောက် ဘုရားကျောင်းက ၁၀ ကျောင်း ပျက်စီးတယ်။ အစိုးရ အဆောက်အအုံတွေနဲ့ ဆိုရင် အကုန်လုံးပျက်စီးတာက ၄၀၀ ကျော် ၅၀၀ ကြားလောက် ပျက်စီးသွားပါတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။
နေအိမ်ပျက်စီးမှု အများဆုံးမှာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့်ဖြစ်ပြီး မီးလောင်ဗုံးပစ်ခတ်မှုကြောင့်လည်း နေအိမ်များ မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။
“ပျက်စီးသွားတဲ့အရာက အထူးသဖြင့် လေကြောင်းကနေအများဆုံးဖြစ်မယ်။ နောက်ပြီးတော့ အဲလိုလေကြောင်းပစ်တော့ တစ်ခါတစ်လေ ဂက်စ်တွေ ပေါက်ပြီးတော့ မီးလောင်သွားတာတွေ ရှိတယ်။ တစ်ချို့က မီးလောင်ဗုံးကြောင့် အိမ်မီးလောင် သွားတာတွေရှိတယ်။ နောက်ပြီးလို့ရှိရင် Y- 12 နဲ့ ၆၀ မမ တခါတလေ ၁၂၂ တွေနဲ့ ချတဲ့အခါကျတော့ အဲဒါတွေကြောင့် ပျက်စီးသွားတဲ့ဟာတွေပါ” ဟု ဆလိုင်းတီမီက ပြောသည်။
လက်ရှိတွင် မိဘပြည်သူများ နေရပ်ပြန်လာနိုင်ရန် မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကာ မြို့တွင်းသန့်ရှင်းရေး၊ သောက်ရေသုံးရရှိရေး၊ လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေး လုပ်ငန်းများ တတ်နိုင်သမျှ ဆောင်ရွက်နေသည်ဟု ၎င်း ကဆိုသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ၉ ရက်နေ့မှစတင် ဖော်ဆောင်ခဲ့ရာ ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့ဝင် ၈၉ ဦးကျဆုံးပြီး ရဲဘော် ၃၀ ဦးမှာ ကိုယ်လက်အဂ်ါဆုံးရှုံးခဲ့ရကာ အယောက် ၅၀၀ ကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။