(004SS)
ချင်းပြည်နယ် ဖလမ်းမြို့အား ဘုရားသခင်ထံ ဆုတောင်းအပ်နှံပွဲ (Sathi Luan) အစီစဉ်ကို လာမည့်ဩဂုတ်လ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်ကြမည်ဟု သိရသည်။
“ဖလမ်းမြို့အား ဘုရားသခင်ထံ အပ်နှံခြင်း” အစီစဉ်တွင် အစုအဖွဲ့လိုက် ဆုတောင်းပွဲ၊ ဝတ်ပြုစည်းဝေးပွဲ၊ တွေ့ဆုံပွဲနှင့် စားသောက်ဖွယ်ရာ အတူတကွ သုံးဆောင်ခြင်းတို့ပါဝင်မည်ဖြစ်သည်။
လူဦးရေ ၃၀၀၀ ခန့်ပါဝင်နိုင်မည့်အဆိုပါအစီစဉ်အတွက် နွာနောက်တစ်ကောင်၊ ဝက်သားပိသာ ၄၀၀ ပြင်ဆင်ထားပြီး စုစုပေါင်းကုန်ကျစရိတ်ကျပ်သိန်း ၂၀၀ ခန့်လျာထားကြောင်းသိရသည်။
“ဒီပွဲရဲ့ အထူးခြားဆုံးအစီအစဉ်ကတော့ ဖလမ်းမြို့ပေါ်မှာရှိတဲ့ မြို့ခံပြည်သူ ၃,၀၀၀ ကျော် တစ်နေရာတည်းမှာ အတူတကွ စုဝေးပြီး ညစာ လက်ဆုံစားကြမှာပါ။ မြို့ခံတွေ စည်းလုံးညီညွတ်မှုရရှိဖို့နဲ့ ဘုရားသခင်ဆီ အတူတကွ ဆုတောင်းဖို့အတွက် စီစဉ်တာဖြစ်ပါတယ်” ဟု ဖလမ်းဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ အစီအစဉ်ကို အပိုင်း ၃ ပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ မြို့အတွက် စုပေါင်း ဆုတောင်းပွဲ၊ မွန်းလွဲ ၁၂ နာရီမှ ၁ နာရီခွဲအထိ စုပေါင်းဝတ်ပြုကိုးကွယ်ခြင်း၊ မွန်းလွဲ ၁ နာရီခွဲမှ ၃ နာရီအထိ မြို့နေပြည်သူ များအပြန်အလှန်တွေ့ဆုံဆွေးနွေး ဆုတောင်းခြင်း နှင့် ညစာအတူသုံးဆောင်ခြင်းအသီးသီး ကျင်းပသွားမည်ဟုသိရသည်။
အဆိုပါ ဆုတောင်းပွဲသို့ ဟားခါးမြို့ရှိ စစ်တပ်ခန့် ချင်းပြည်နယ် အစိုးရအဖွဲ့မှ လူကြီးများ တက်ရောက်ရန်ရှိသည့်အပြင် ရာသီဥတု သာယာကောင်းမွန်၍ ရဟတ်ယာဉ် ဆင်းသက်နိုင်ပါက နေပြည်တော်မှ ဒုတိယသမ္မတကိုယ်တိုင် လာရောက် တက်ရောက်ရန် ရှိသည်ဟုလည်း သတင်းကြားသိရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယခုကျင်းပမည့် အစီအစဉ်သည် ဖလမ်းမြို့သူ မြို့သားများ၊ အနယ်နယ်အရပ်ရပ်နှင့် ပြည်ပရောက် ဖလမ်းပြည်သူများ၏ လှူဒါန်းထောက်ပံ့မှု၊ စုပေါင်းအားထုတ်မှုတို့ဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဖလမ်းမြို့၏ အနာဂတ်အတွက် ငြိမ်းချမ်း ရေးနှင့် စည်းလုံးညီညွတ်မှုကို ဦးတည် ဆုတောင်းကြမည်ဟု သိရသည်။
ဖလမ်းမြို့ဒေသခံတစ်ဦးက “ကျွန်တော်တို့အမြင်ကတော့ ကျမ်းစာထဲကလိုမျိုး ယဇ်ပူဇော်ပြီး အပြစ်နောင်တရ တောင်းပန် တဲ့သဘော လို့မြင်တယ်။ ဖလမ်းမြို့က အခုလိုမျိုး ပျက်စီးသွားရတဲ့ အခြေအနေမှာ ငါတို့ဘက်က ဘာအမှားတွေ ရှိခဲ့လဲ ဆိုပြီး အပြစ်တွေကို ဝန်ခံတောင်းပန်တာပါ။ နောက်နောင်မှာ ဖလမ်းမြို့အပေါ် ဒီလိုမျိုး ဘေးဒုက္ခတွေ ထပ်မကျရောက်ဖို့ ဘုရားသခင်ထံ ဆုတောင်း အပ်နှံကြတဲ့ ပွဲလို့ပဲ မြင်ပါတယ်” ဟု ပြောသည်။
ဖလမ်းမြို့သည် စစ်တပ်ကယခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ လေကြောင်း နဲ့ မြေပြင်သာလွန်အင်အားဖြင့် ၆ လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နောက် ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ အာဏာသိမ်းစစ်တပ်သည် မြို့ပြန်လည်ထူထောင်ရေး နှင့် ဌာနဆိုင်ရာများပြန်လည်ဖွင့်လှစ်ရေးအတွက် လုပ်နေပြီး စစ်ပွဲကြောင့် စစ်ဘေးရှောင်နေကြရသော ဖလမ်းပြည်သူတချို့လည်း နေရပ်သို့ ပြန်လည်ဝင် ရောက်နေထိုင်ကြပြီဟု သိရသည်။

