တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို ချင်းပြည်နယ် တီးတိန် (ဇိုမီး) အသင်းက ( Gal Hang PahTawina award) ခေါ် ချင်းသူရဲကောင်းဘွဲ့ကို ဒီဇင်ဘာလ (၄) ရက်နေ့က ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်ဟု သိရသည်။
တီးတိန် (ဇိုမီး) အဖွဲ့မှ ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီး Rev. Fr. Joseph Thang Nen Zo Mung ဦးဆောင်သည့် အဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၄) နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံ၍ ချင်းသူရဲကောင်းဘွဲ့ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု တီးတိန် (ဇိုမီး) အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကပ်ခင်းပေါင်က ပြောသည်။
“ကျနော်တို့ မြန်မာနိုင်ငံမှာ ကာကွယ်ရေးမှာအကြီးဆုံးဖြစ်တဲ့အတွက် သူနဲ့ထိုက်တန်လို့ ဒီသူရဲကောင်းဘွဲ့ကို ဂုဏ်ပြုချီးမြှင့်ရတာဖြစ်ပါတယ်’’ ဟု ဦးကပ်ခင်းပေါင်က ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။
ယခုကဲ့သို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်အား သူရဲကောင်းဘွဲ့ ပေးအပ်သည့်ကိစ္စနှင့်ပတ်သက်၍ ချင်းအသိုင်းအ၀ိုင်းအကြား လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပွတ်လောရိုက်ခတ်သွားခဲ့ပြီး ကန့်ကွက် လှောင်ပြောင်သရော်မှုများလည်း ထွက်ပေါ်ခဲ့သည်။
ဇိုမီးကျောင်းသားလူငယ်များအဖွဲ့ တာဝန်ခံ ကိုကိမ်တွောမ်ကတော့ တီးတိန် (ဇိုမီး) အသင်းအနေနဲ့ ယခုကဲ့သို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်အား သူရဲ့ကောင်းဘွဲ့ ချီးမြှင့်ခြင်းသည် မဖြစ်သင့်ဘူးဟုပြောသည်။
“ဒါမဖြစ်သင့်တဲ့ကိစ္စပါ၊ ခရစ္စမတ်ဆို ခရစ္စမတ်လက်ဆောင်တွေပေးကြပေါ့၊ အခုက အဲဒါကိုအကြောင်းပြုပြီးတော့ မဆီမဆိုင်တဲ့ ချင်းသူရဲကောင်းဘွဲ့သွားပေးတာ ဘာမှမဆိုင်ဘူး၊ Gal Hang ဆိုတာ ရန်သူကိုနိုင်တယ်၊ တရားတဲ့စစ်ပွဲတွေ တိုက်ကြတာပဲ၊ တောင်ပေါ်မှာ ဓားနဲ့လှံနဲ့ မျက်နှာချင်းဆိုင် ယောကျာ်းအချင်းချင်း ခွန်အားပြိုင်ပြီးတော့ ခွန်အားကြီးတဲ့လူတွေက အဲဒီဆုနဲ့ ထိုက်တန်တာ၊ အခုတော့ ပြည်သူတရပ်လုံးလည်း ဒုက္ခတွေရောက်၊ နိုင်ငံတကာကလည်း လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇ၀တ်မှုနဲ့ အလိုရှိနေတဲ့ပုဂ္ဂိုလ်၊ ဒါမဆိုင်ဘူး၊ လုံးဝ မဖြစ်သင့်ဘူး’’ ဟု ကိုကိမ်တွောင်ကပြောသည်။
(Gal Hang Pah Tawina Award) သည် ချင်းပြည်နယ်မြောက်ပိုင်း (တီးတိန်၊ တွန်းဇံ) တွင် နေထိုင်ကြသော ချင်းတိုင်းရင်းသားများ၏ အမြင့်ဆုံး သူရဲကောင်းဘွဲ့ဖြစ်သည်ဟု သိရသည်။