Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ဘယ်အရာကမှ ရိုက်ချိူး၍မရနိုင်သော “တူမီး” စိတ်ဓာတ်

ဘယ်အရာကမှ ရိုက်ချိူး၍မရနိုင်သော “တူမီး” စိတ်ဓာတ်

0
By Editor on September 5, 2022 Featured

ရေး – Salai Vakok

စစ်တပ်၏ အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်နေသော ဆလိုင်းဗန်ဆဲမွန်(အမည်လွှဲ)တစ်ယောက် ဤနေရာကို ရောက်နေသည်မှာ ၃ လကျော်လာပါပြီ။

တိုက်ပွဲတစ်ခုတွင် စစ်တပ်၏ လေယာဉ်မှ ပစ်သော လက်နက်ကြီးကြောင့် နားမကြားရမှုကို ကုသနေတာပါ။ ချင်းတောင်တန်းဆီက လက်နက်ကိုင်တော်လှန်သော လူငယ်ထောင်ပေါင်းများစွာထဲ ဆလိုင်းဗန်ဆဲမွန်လည်း ပါဝင်နေပြီး သူ၏ ကျောင်းဆရာအိမ်မက်မှာ စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်ခဲ့ရသည်။

စစ်ကိုင်းတိုင်းထဲက တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်မှာ BE.d တတိယနှစ် တက်ရောက်နေသူတစ်ဦးဖြစ်ခဲ့ပြီး ခုတော့ စာသင်ခန်းကို ကျောခိုင်းကာ သေနတ်ကိုင်၊ တိုက်ပွဲဝင်နေသည်။

စစ်တပ်၏ မတရားအာဏာသိမ်းပြီးနောက် ၂၀၂၁ နှောင်းပိုင်းတွင် ချင်းအမျိုးသားတပ်မတော် (CNA) ကို ဝင်ရောက်ခဲ့ပြီး စတင်လက်နက်ကိုင်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီလတွင် ဆလိုင်းဗန်ဆဲမွန်နှင့် တပ်ဖွဲ့ဝင်အချို့ကို CNA က မစ်ရှင်တစ်ခု တာဝန်ပေးသည်။

ထိုမစ်ရှင်က ကချင်လွတ်မြောက်ရေးတပ်မတော်ဆီသို့ သွားရောက်၍ ပစ္စည်းသယ်ဆောင်ရန်ဖြစ်သည်။

ထိုမစ်ရှင်တွင် စစ်အာဏာသိမ်းတပ်က အင်အားအလုံးအရင်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီး နောက်ပိုင်းတွင် လေယာဉ်ပစ်ကူများ ပါလာခဲ့သည်။ လေယာဉ်ဖြင့် ပစ်သော လက်နက်ကြီးကြောင့် ဆလိုင်းဗန်ဆဲမွန်၏ နားနှစ်ဖက်မှာ လုံးဝမကြားရတော့ပေ။ ထိုတိုက်ပွဲအပြီး နောက်တစ်လအကြာတွင် ဤနေရာကို ရောက်ရှိလာပြီး ဆေးကုသနေရခြင်း ဖြစ်သည်။

“ဒီမှာ ဆေးလာကုနေတာ ၃ လလောက်ရှိပါပြီ။ ခွဲစိတ်ကုသမှုကတော့ ပြီးသွားပြီ။ အနားယူဖို့ တစ်လ လောက်ပဲ လိုတော့တယ်။ ပြီးရင်တော့ တာဝန်ပြန်ထမ်းဆောင်မယ်။ CNA မှာ ရှေ့တန်းထွက်မှာပါ” ဟု အသက် ၂၃ နှစ်အရွယ် ဆလိုင်းဗန်ဆဲမွန်က ပြောသည်။

သစ်လွင်သော နှစ်ထပ်ကုတင်တွေ စီတန်ထားသော ထိုနေရာသည် စစ်တပ်အာဏာသိမ်းပြီး ချင်းလဲန်းလူထု၏ လက်နက်ကိုင်တော်လှန်မှု စတင်ပြီးနောက် ပေါ်ထွက်လာသော နေရာတစ်ခုဖြစ်သည်။

ထိုနေရာသည် ချင်းလဲန်းလက်နက်ကိုင် တော်လှန်ရေး၏ နောက်ကွယ်တွင် တည်ရှိပြီး ချင်းရဲဘော်များ၏ ရဲရင့်မှု၊ ပေးဆပ်မှုနှင့် ချင်းပြည်၏ အနာဂါတ်ကို ဖန်တီးချင်သူ၊ စွန့်လွှတ်ဝင့်သူ လူငယ်တွေအကြောင်းကို ဖော်ပြ နေသည်။ ဆလိုင်းဗန်ဆဲမွန်လည်း ၎င်းတို့ထဲက တစ်ဦးဖြစ်ပါသည်။

“ကိုယ်လက်အင်္ဂါဆုံးရှုံးရတဲ့ သူတွေဟာ စိတ်ဓါတ်ကျမယ်လို့ ထင်ခဲ့တာ၊ စိတ်ဓါတ် မကျဘဲ ပိုပြီး စိတ်အားထက်သန်ကြတော့ ကျနော်တောင်မှ သူတို့ကို ကြည့်ပြီး အားတက်မိတယ်။ ကိုယ်တိုင်တောင်မှ တိုက်ပွဲဝင်ချင်တဲ့ စိတ်တွေ ပေါက်လာတယ်” ဟု ထိုကုသရေးစင်တာ၏ တာဝန်ခံ ဆရာကံတဲက ပြောသည်။

တူမီးသေနတ်ဖြင့် မင်းတပ်နယ်မှ စတင်တော်လှန်သော ချင်းလဲန်းဒေသ၏ လက်နက်ကိုင်တော်လှန်မှုသည် တစ်နှစ်ခွဲကျော်လာချိန်တွင် ထိုကုသရေးစင်တာမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၈၀ နီးပါးကို ကုသပေးခဲ့ရသည်။

ခြေလက်အင်္ဂါဆုံးရှုံးရသူများ၊ မျက်လုံးထိခိုက်ဒဏ်ရာရသူများ၊ အကြားအာရုံ ထိခိုက်သူများအပါအဝင် အခြားထိခိုက်ဒဏ်ရာရရှိသူများဖြစ်သည်။ တချို့မှာ ခြေတုလက်တု တပ်ဆင်ပေးနိုင်ခဲ့ပြီး ၁၄ ဦးမှာ ခြေတုလက်တုတပ်ဖို့ ပြင်ဆင်နေသည်။ တချို့ရဲဘော်များသည် ဆေးကုသနေရဆဲဖြစ်သည်။

ထိခိုက်ဒဏ်ရာရသူများမှာ မြေမြုပ်မိုင်း၊ တိုက်မိုင်းနှင့် လက်နက်ကြီးတွေကြောင့် အများဆုံးဖြစ်ပြီး ကျည်ဖြင့် ဒဏ်ရာရရှိမှုက နည်းသည်။ စစ်ကောင်စီ၏ မြေမြုပ်မိုင်း ထိခိုက်မှုကြောင့် အရပ်သားပြည်သူ ၄ ဦးကိုလည်း ထိုစင်တာက ကုသပေးခဲ့ရပြီး နှစ်ဦးမှာ ခြေထောက်ဖြတ်လိုက်ရသည်။

ထိုစင်တာတွင် ကုသနေသော ရဲဘော်များမှာ ၁၆ နှစ်အရွယ်မှ ၃၀ ကျော်အရွယ်တို့ဖြစ်သည်။ ၁၀ တန်းဖြေဆိုဖို့ စောင့်နေသူ အထက်တန်းကျောင်းသား၊ တက္ကသိုလ်ကျောင်းသားများသည် ထိခိုက်ဒဏ်ရာရရှိသူ ၈၀ နီးပါးတွင် အများဆုံးဖြစ်သည်။

စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ချင်းလဲန်းဒေသတွင်သာမက နိုင်ငံတစ်ဝန်းက လူငယ်လူရွယ်များသည် စစ်အာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် ရှေ့တန်းမှ လက်နက်ကိုင် တော်လှန်နေကြသည်။

ထိုစင်တာတွင် ခြေတုလက်တု တပ်ပြီးသော လူငယ်ရဲဘော် ၈ ဦးသည် ၎င်းတို့၏ မိခင်တပ်ဖွဲ့ဖြစ်သော ချင်းအမျိုးသားတပ်ဦး (CNF)၊ ထန်တလန်၊ ဟားခါးနှင့်မတူပီစသော ချင်းကာကွယ်ရေးတပ်များဆီသို့ တိုက်ပွဲဝင်ရန် ပြန်သွားကြသည်။

တချို့ရဲဘော်များသည် ခြေတုလက်တု တပ်ဆင်ပြီးပါက၊ ဆေးဝါးကုသပြီးပါက စစ်အာဏာရှင်ကို တော်လှန်ဖို့ နိုင်ရာဝန်ကို ဆက်ထမ်းကြမည်ဟု ဆိုကြသည်။ သူတို့၏ တော်လှန်လိုစိတ်နှင့် စိတ်အားထက်သန်မှုကို မည်သူမျှ တားမြစ်၍ မရဟု ဆရာကံတဲက ရှင်းပြသည်။

“ဒဏ်ရာရ ရဲဘော်လေးတွေကလည်း ခြေတုလက်တု တပ်ပြီးတာနဲ့ ရှေ့တန်း မထွက်နိုင်ရင်တောင်မှ နောက်တန်းမှာ လိုအပ်တာ ပံ့ပိုးမယ်ဆိုတော့ ဒီမှာ ကြာကြာ မနေချင်ကြဘူးဖြစ်နေတယ်”

“ဒဏ်ရာရပြီးရင်လည်း ကြောက်စိတ်မရှိဘူး။ စိတ်အားမငယ်ဘူး။ စစ်တပ်ကို နိုင်အောင်တိုက်မယ်ပေါ့။ ကျနော် သေတဲ့အထိ တိုက်မယ်ဆိုတဲ့ စိတ်ဓါတ်ကို မွေးကြတော့ အားတက်မိတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၂ မတ်လက မတူပီမြို့၊ ထယ်ဘွေးကြီးစစ်စခန်းကို စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သော မတူပီ-CDF မှ တပ်စိပ်မှူး ဆလိုင်းဒေဗစ် (အမည်လွှဲ) လည်း ဘယ်ခြေချင်းဝတ် ဆုံရှုံးခဲ့ရပြီး ဒဏ်ရာကို ဤစင်တာတွင် ကုသခဲ့ရသည်။

ထိုစခန်းကို တစ်လနီးပါး ထိုးစစ်ဆင်နေချိန်တွင် စခန်းအနီးက မြေမြှပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။ ဆလိုင်းဒေဗစ်နှင့် မတူပီ-CDF ဆေးတပ်ဖွဲ့ဝင် ချစ်သူနှစ်ဦးစလုံးသည် စစ်အာဏာရှင်ကို စိတ်တူကိုယ်တူတော် လှန်လိုသောကြောင့် အရေးတော်ပုံထဲ ခြေစုံပစ်ဝင်ခဲ့ကြသူများဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးက ရဲမေတစ်ဦးလည်း ဟားခါးနှင့် ဖလမ်း ကြားက ရှေ့တန်းတိုက်ပွဲတစ်ခုတွင် ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ပြီး ထိုစင်တာတွင် ကုသပြီးနောက် တိုက်ပွဲဝင်ရန် စစ်မြေပြင်ဆီ ပြန်သွားခဲ့သည်။ ရှေ့တန်းတွင် ဆေးမှုးအဖြစ် တာဝန်ယူထမ်းဆောင်ရသော်လည်း တိုက်ပွဲဖြစ်ပွားချိန်တွင် ဆေးထိုးအပ်ကိုင်သော လက်တစ်စုံသည် သေနတ်ကိုင်၍ တိုက်ပွဲဝင်ရမှုများလည်း ရှိသည်။

ကိုယ်အင်္ဂါဆုံးရှုံးရသော ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တို့၏ ခိုလှုံရာ ထိုစင်တာကို ချင်းလူမှုကူညီရေးကော်မတီ (Chin Relief Committee) ၏ စီမံခန့်ခွဲမှုဖြင့် ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့ပြီး CDF Support Team အပါအဝင် ပြည်တွင်းပြည်ပ ချင်းလူမှုအသိုင်းအဝိုင်း၏ ကူညီထောက်ပံ့မှုနှင့် လည်ပတ်နေခြင်းဖြစ်သည်။

ချင်းလဲန်းဒေသ တော်လှန်ရေးတွင် ကိုယ်လက်အင်္ဂါဆုံးရှုံးထားသော ရဲဘော်များ၏ အနာဂါတ်ဘဝ တည်ဆောက်ရေးအတွက် ကြိုးစားစီစဉ်နေကြောင်းလည်း တာဝန်ရှိသူများက ဆိုသည်။

ထိုစင်တာတွင် ဆေးကုသနေသော ဆလိုင်းဗန်ဆဲမွန်သည် ဒီမိုကရေစီနှင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေသော ဒိုင်-ချင်းမျိုးနွယ်ဖြစ်သည်။ ကန်ပက်လန်မြို့နယ်၊ အိမ်ခြေ ၁၀ ကျော်မျှသာရှိသော ရွာဟောင်း၊ ရွာကလေးတစ်ရွာမှ ပညာထူချွန်းသူဖြစ်သည်။

မွေးချင်းမောင်နှမ (၈) ဦးတွင် ဖခင်၏ ရည်မှန်းချက်ဖြစ်သော ကျောင်းဆရာ အိမ်မက်ကို ထမ်းပိုးနေသူ ဒုတိယ အငယ်ဆုံးသားဖြစ်သည်။ တက္ကသိုလ်က ဆရာ/မနှင့် သူငယ်ချင်းများက စစ်ကောင်စီလက်ထက်တွင် ဖွင့်နေသော တက္ကသိုလ်တွင် ကျောင်းပြန်တက်ဖို့ ခေါ်သော်လည်း ဆလိုင်းဗန်ဆဲမွန် တော်လှန်ရေးကို ရွေးခဲ့သည်။

တော်လှန်ရေးအောင်မြင်သွားပါက ကျောင်းပြန်တက်ချင်ပြီး နယ်စပ်ဒေသက ဖွံ့ဖြိုးမှု နည်းပါးသော အရပ်တို့တွင် ကလေးငယ်တို့၏ အနာဂါတ်ကို ဖွံ့ဖြိုးအောင် လုပ်ချင်သူပါ။

သို့သော် နောက်တစ်လကြာရင်တော့ ဆလိုင်းဗန်ဆဲမွန်သည် CNA နှင့်အတူ သေနတ်ကိုင်ရင်း ရှေ့တန်း ပြန်ထွက်ရပါတော့မည်။

နိုင်ငံကို ၎င်းတို့ပိုင်အရာအဖြစ်သဘောထားပြီး ထင်ရာစိုင်းနေသော စစ်တပ်၏ အာဏာသိမ်းမှုသည် သန်းချီသော ဆလိုင်း ဗန်ဆဲမွန်ကဲ့သို့ လူငယ်တို့၏ အိမ်မက်နှင့် ဘဝကို ရိုက်ချိုးပစ်စေခဲ့သော်လည်း လူငယ်များ၏ စစ်အာဏာရှင်စနစ်ကို တော်လှန်လိုသော၊ တော်လှန်သော စိတ်ဓာတ်ကိုတော့ အဘယ်အရာကမျှ ရိုက်ချိူးနိုင်စွမ်း ရှိမည်မဟုတ်ပေ…………။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

September 16, 2026

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

September 16, 2026

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.