(006SV)
မင်းတပ်မြို့ရှိ Presbyterian ဘုရားကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု များအဖြစ် သတ်မှတ်အရေးယူပေးရန် အမေရိကန်အစိုးရအဖွဲ့ထံ BRI က အောက်တိုဘာလ ၁၂ ရက်မှာ တောင်းဆိုလိုက်သည်။
အမေရိကန်ပြည်ထောင်စုမှ ဘုရားကျောင်းတစ်ခု၏ မိတ်ဖက်အသင်းတော်ဖြစ်သော ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့ရှိ ပရက်စ်ဘီတေးရီးယန်း (Presbyterian) ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးအသုံးပြု၍ အောက်တိုဘာလ ၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ပေါင် ၅၀၀ ဗုံးတစ်လုံးသည် ဘုရားကျောင်းအဆောက်အအုံ၊ သင်းအုပ်ဆရာ၏ နေအိမ်နှင့် ဘုရားကျောင်းပိုင်း ဗစ်တိုရီးယား ကိုယ်ပိုင်အထက်တန်းကျောင်းတို့ကို ပျက်စီးစေခဲ့သည်ဟု Burma Research Institute (BRI) က ဒေသသတင်းရင်းမြစ်များကို ကိုးကားပြီး ထုတ်ပြန်သည်။
“ကျွန်တော်တို့ မင်းတပ်မြို့အတွက် ဆုတောင်းပေးနေပြီး ဘုရားကျောင်းတွေနဲ့ ဘုရားကျောင်းဆိုင်ရာ အဆောက်အအုံတွေအပေါ် တမင်တကာ၊ ဆက်တိုက်နဲ့ စနစ်တကျ တိုက်ခိုက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့ ကာလရှည်ကြာ တောင်းဆိုခဲ့တဲ့အတိုင်း နောက်ထပ် အချိန်မဆွဲဘဲ သတ်မှတ်ပေးဖို့ ထရန့် အစိုးရအဖွဲ့ကို တိုက်တွန်းပါတယ်” ဟု BRI ဥက္ကဌနှင့် CEO ဖြစ်သူ Pu Zo Tum Hmung က ပြောသည်။
Presbyterian ဘုရားကျောင်းသည် အမေရိကန်ပြည်ထောင်စု ပရက်စ်ဘီတေးရီးယန်း ဘုရားကျောင်း (Presbyterian Church (U.S.A.)) နှင့် ကမ္ဘာ့ ပြုပြင်ပြောင်းလဲရေး အသင်းတော်များ သာသနာပြုအဖွဲ့ (World Communion of Reformed Churches) တို့၏ မိတ်ဖက်အဖွဲ့ဖြစ်သော မြန်မာနိုင်ငံ ပရက်စ်ဘီတေးရီးယန်း ဘုရားကျောင်း၏ ဗစ်တိုရီးယား ဆီးနော့ဒ် (Victoria Synod) အဖွဲ့ပိုင် ဖြစ်သည်ဟု သိရသည်။
အဆိုပါဘုရားကျောင်းကို စစ်တပ်က တိုက်ခိုက်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ၂၀၂၃ ဩဂုတ်လကလည်း Chin Association of Maryland ဟူ၍ လူသိများသော ဘုရားကျောင်း၏ သင်းအုပ်ဆရာ ထန်းကီးအွမ်(Htang Kay On) နှင့် ရပ်မိရပ်ဖများဖြစ်သော ချိုင်ကေး (Chai Kay) ၊ ဟုန်းချွေး (Hon Chway)နှင့် ဟုန်းကီး (Hon Kay) တို့ကို ဖမ်းဆီးခဲ့ပြီး အသင်းတော်မှ ရပ်မိရပ်ဖ နှစ်ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု BRI ထံမှ သိရသည်။
၂၀၂၁ မေလမှ စက်တင်ဘာလအထိ မင်းတပ်မြို့နယ်ရှိ ဂရေ့စ် ဗာပတိဇ် (Grace Baptist) ဘုရားကျောင်းတွင် တပ်စွဲခဲ့သော အာဏာသိမ်းစစ်တပ်သည် ၂၀၂၆ ခုနှစ် ဧပြီလ ၁၃ ရက်တွင် အဆိုပါဘုရားကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ဖျက်စီးခဲ့သည်ဟု သိရသည်။
“အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်တွေအပေါ် အခုလို ဆက်တိုက် တိုက်ခိုက်နေမှုတွေကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချသင့်ပါတယ်၊၊ ကျွန်တော့်ရဲ့ အသည်းနှလုံးဟာ မင်းတပ်မြို့က အသင်းတော်ဝင်တွေနဲ့အတူ ရှိနေပါတယ်” ဟု Rev. Dr. Van Bawi Kam က ပြောသည်။
အာကန်းဆော (Arkansas)ပြည်နယ်၊ လစ်တယ်းရော့ခ်မြို့ရှိ Emmanuel Farm Chin Baptist ဘုရားကျောင်း၏ သင်းအုပ်ဆရာ Rev. Dr. Van Bawi Kam သည် ယခင်က ချင်းပြည်နယ်၊ တလန်းလို (Tlanglo) ရွာရှိ စစ်တပ်၏ ဖျက်ဆီးခြင်းခံခဲ့ရသော ပရက်စ်ဘီတေးရီးယန်း ဘုရားကျောင်းမှာ သင်းအုပ်ဆရာအဖြစ် တာဝန်ယူဖူးသူဖြစ်သည်။
ချင်းတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော ချင်းတောင်ပိုင်းသည် ရခိုင်နှင့် မကွေးတို့ဖြင် နယ်နိမိတ်ချင်း ထိစပ်နေခြင်းကြောင့် စစ်ရေးဗျူဟာအရ အရေးပါနေပြီး စစ်တပ်က ယင်းဒေသကို ပြန်သိမ်းရန် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်နေ၍ ဒေသခံအများစုမှာ နေရပ်စွန့်ခွာနေရကြောင်း သိရသည်။
မင်းတပ်မြို့ပေါ်ရှိ ဘုရားကျောင်ကို ဗုံးကြဲတိုက်ခိုက်မှုသည် မြန်မာနိုင်ငံအတွင်း စစ်တပ်၏ ဘာသာရေး အဆောက်အအုံများအပေါ် ပိုမိုကျယ်ပြန့်စွာ တိုက်ခိုက်နေသော ပုံစံတစ်ခု၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ကြောင်း BRI က အမေရိကန်အစိုးရထံ အသိပေးထားသည်။
