(006SV)
ချင်းတောင်ပိုင်း၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်နေရာများကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် သက်ကြီးပိုင်း လင်မယား ၂ ဦး သေဆုံးသည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၃ ရက် ညနေပိုင်းမှ ယနေ့ ၄ ရက် နေ့လယ်ပိုင်းအထိ မင်းတပ်မြို့ပေါ်နှင့် မြို့အနီးနေရာများကို စစ်တပ်သည် ကျောက်ထုနှင့် မင်းတပ်နယ်ခြားစစ်စခန်းမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် အကြိမ်များစွာ ပစ်ခတ်နေသည်ဟု သိရသည်။
“လက်နက်ကြီးနဲ့ မနေ့ညနေပိုင်းကလည်း ပစ်ခတ်သံ ကြားရတယ်။ ဒီမနက်လည်း ၆ နာရီကတည်းကနေ အခုထိ နေ့လည်ပိုင်းအထိ ပစ်နေတာပါ။ လက်နက်ကြီး ဘယ်နှစ်ကြိမ်အထိ ပစ်ခတ်ခဲ့တာက မရေတွက်မိပါဘူး။ အသက် ၆၀ အရွယ် လင်မယား ၂ ဦး သေဆုံးတယ်လို့ ကနဦး သိရပါတယ်။ ထိခိုက်ပျက်စီးမှုတွေက ဘယ်လိုရှိနေသလဲဆိုတာ မသိရသေးပါဘူး။ ပစ်နေတော့ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး” ဟု မင်းတပ်ဒေသခံ တစ်ဦးက ပြောသည်။
ယနေ့ မနက် ၉ နာရီခွဲအချိန်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း မင်းတပ်မြို့အနီး ဥယျာဉ်ခြံတွင် နေထိုင်သော အသက် ၆၀ ဝန်းကျင်ရှိ လင်မယား ၂ ဦးတို့ သေဆုံးခဲ့ရသည်ဟု သိရသည်။
စက်တင်ဘာလ ၃ ရက် ညနေ ၅ နာရီ ၄၅ မီနစ်ခန့်ကလည်း မင်းတပ်မြို့အရှေ့ခြမ်းနေရာကို စစ်တပ်သည် ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဗုံး ၄ လုံး ကြဲချခဲ့သည်ဟု သိရသည်။
ဩဂုတ်လ ၃၀ ရက်က ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝမ်းခုမ်းကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မူလတန်းကျောင်းသား ၂ ဦး၊ ၉ တန်းကျောင်းသူ ၁ ဦး ၊ စစ်ဘေးရှောင် ၂ ဦး၊ သက်ကြီးရွယ်အို အဘိုးအဘွားများ အပါအဝင် ဒေသခံပြည်သူ ၈ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု CPU/ CPA ထံမှ သိရသည်။
ချင်းတောင်သို့ ထိုးစစ်ဆင်နေသော စစ်တပ်သည် အရပ်သား ပြည်သူလူထုအပေါ် နေ့ည အချိန်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်နေသောကြာင့် CPU ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးဂရုစိုက်ရန် CPU/ CPA က သတိပေးသည်။

