(006SV၊ MG)
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် CDF – မင်းတပ် ၊ ချင်းညီနောင် ပူးပေါင်းတပ်တို့ကြား ၃ ရက်ဆက် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်း မင်းတပ်မြို့နယ်-ပအဖမှ ကိုယောမာန်နှင့် ဒေသခံများက ပြောသည်။
နိုဝင်ဘာလ ၉ ရက်မှစတင်၍ မင်းတပ်မြို့ပေါ်က စစ်ကောင်စီစခန်းများကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၁၁ ရက်အထိ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးပစ်ကူများ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြင်းအထန် ခုခံနေသည်။
“မင်းတပ်မြို့ပေါ်မှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတယ်။ တိုက်ပွဲဖြစ်နေတာ ၃ ရက်ရှိသွားပြီ။ စစ်ကောင်စီက နေ့တိုင်း လာဗုံးကြဲနေတယ်။ စစ်ကောင်စီက နေအိမ်တွေကို မီးရှို့တာတွေ ရှိနေတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။
မင်းတပ်မြို့ပေါ်က နေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်စီးမှုများကြောင့် အိမ်ခြေ ၃၀ ခန့် ပျက်စီးသွားသည်ဟု ခန့်မှန်း ရကြောင်း ကိုယောမာန်က ပြောသည်။
မင်းတပ်မြို့စစ်ဆင်ရေးနှင့် ပတ်သက်၍ ချင်းညီနောင်အနေဖြင့် ပြည့်ပြည့်စုံစုံ စာထုတ်သွားရန် ရှိကြောင်းသိရသည်။
မင်းတပ်မြို့ပေါ် တိုက်ပွဲများသည် ခလရ – ၂၇၄ တပ်ရင်းနှင့် ရဲစခန်းအပါအဝင် စစ်ကောင်စီ ထိန်းချုပ်ရာ နေရာတဝိုက်တွင် ဖြစ်ပွားနေပြီး Y- 12 ဗုံးကြဲလေယာဉ်ဖြင့် မင်းတပ်မြို့ပေါ်နေရာများကို ၄ လုံး တစ်တွဲ ဗုံးများနှင့် အလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။
“စောစောကပဲ မြို့ပေါ်ကို ပတ်နေပြီးတော့ လေယာဉ်နဲ့ ပစ်သွားသေးတယ်။ မြို့အနီးအနား တဝိုက်နဲ့ မြို့ပေါ် ပတ်လည်ပေါ့။ ဒီနေ့လည်း လေကြောင်းတိုက်ခိုက်မှုက တော်တော်များတယ်” ဟု မင်းတပ်ဒေသခံမြို့မိမြို့ဖတစ်ဦးက ပြောသည်။
ယနေ့ နံနက်ပိုင်း မင်းတပ်မြို့အခြေစိုက် ခလရ – ၂၇၄ တပ်ရင်း လက်နက်ကြီးပစ်ခတ်မှုကြောင့်လည်း မင်းတပ်မြို့အရှေ့ပြင်က နေအိမ်တချို့ မီးလောင်နေကြောင်း၊ မင်းတပ်ရဲစခန်း တောင်ဘက်ခြမ်း မြို့ပတ်လမ်းပေါ်က နေအိမ်တချို့ကိုလည်း စစ်ကောင်စီက ဓါတ်ဆီလောင်ပြီး မီးရှို့နေကြောင်း မင်းတပ်မြို့ခံကိုဟာကလေးထံမှ သိရသည်။
စစ်ကောင်စီသည် ယမန်နေ့က Y- 12 လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ၊ ရိက္ခာများကို လေထီးဖြင့် အထုပ် ၁၀ ခန့် ထပ်မံဖြည့် တင်းခဲ့ကြောင်း၊ မင်းတပ်မြို့ပေါ်နေရာများကို ၄ လုံး၊ တတွဲဖြင့် ဗုံးအလုံးရေ ၅၀ ကျော် ကြဲချခဲ့ကြောင်း သိရသည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲ ၃ ရက်တာအတွင်း စစ်ကောင်စီသည် လောင်းရှည်ကပစမှ တာဝေးပစ်ဒုံများဖြင့် ၄ ကြိမ်ခန့် ပစ်ကူ ပေးခြင်း၊ ကျောက်ထုအမြောက်တပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၅ ကြိမ်ခန့် ပစ်ကူပေးခြင်းအပြင် ဒရုန်းများဖြင့်ပါ ဗုံးကြဲခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
လက်ရှိတွင် ထန်တလန်မြို့ပေါ်က စစ်ကောင်စီစခန်းများကို ချင်းပြည်အစိုးရ ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက် ခိုက်နေသကဲ့သို့ ဖလမ်းမြို့ပေါ်က စစ်ကောင်စီစခန်းများကိုလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF ၊ ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။
ချင်းညီနောင်တပ်ဖွဲ့သည် ၂၀၂၄ ခုနှစ်အတွင်း ၎င်းတို့ ထိန်းချုပ်ထားရာ မြို့နယ်များတွင် စစ်ကောင်စီ ကင်းစင်ရေး စစ်ရေးရည် မှန်းချက် ချမှတ်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။