(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာ ၄၀ ကျော်က ဒေသခံချင်းတောင်သူများ၏ စိုက်ခင်းများတွင် ပိုးကျမှု ဖြစ်ပွားနေပြီး ကူးဆက်ပျံ့နှံ့မှု လျင်မြန်သောကြောင့် ပြောင်းသီးနှံများ ပျက်စီးမှုပမာဏ များပြားနေကြောင်း ဒေသခံများထံမှ သိရသည်။
မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၄) နှင့် အမှတ် (၁၂)တို့က ချင်းတောင်သူများ၏ သီးနှံစိုက်ခင်းများတွင် ကနဦး ပိုးကျခဲ့ပြီး လက်ရှိမှာ ကျေးရွာပေါင်း ၄၀ ကျော်က သီးနှံစိုက်ခင်းများတွင် ကူးဆက်ခံနေရသည်ဟု မင်းတပ်ဒေသခံက ပြောသည်။
“အဓိကကတော့ ပြောင်းဖူးခင်းတွေကို ပိုးထိုးနေတာပါ။ ပိုးနာမည်ကိုတော့ အတိအကျ မပြောတတ်ပါဘူးခင်ဗျာ။ ဖျက်ပိုး ဝင်ရတဲ့အကြောင်းရင်းကိုတော့ သေချာမသိရပါဘူး။ တစ်နေရာနဲ့တစ်နေရာ ကူးစက်နှုန်း အတော်မြန်ပါတယ်။ အကြမ်းအားဖြင့် နှစ်ရက်အတွင်း တစ်ဧကနှုန်းလောက် မြန်ပါတယ်” ဟု အဆိုပါတိုက်နယ်ရှိ ဒေသခံကိုချင်းက ပြောသည်။
ဩဂုတ်လ နောက်ဆုံးပတ်အတွင်းမှာ အသီးအနှံ့များ ဖွံ့ဖြိုးကြီးထွားစ၊ အောင်မြင်ခါစအချိန်တွင် စိုက်ခင်းများအတွင်း စတင်ပိုးဝင်ရောက်မှုကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ နှစ်ရက်ကို တစ်ဧက နှုန်းထိ ကူးဆက်ပျံ့နှံမှု မြန်ဆန်နေသည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မင်းတပ်ဒေသခံများသည် စစ်တပ်၏ လေကြောင်းအပါအဝင် တိုက်ခိုက်မှု ပုံစံမျိုးစုံကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရကာ ရွေ့ပြောင်းတောင်ယာစနစ်ဖြင့် ဝမ်းစာကို ဖြည့်တင်း နေကြရချိန်တွင် လက်ရှိ ၎င်းတို့ အားကိုးသော တောင်ယာခင်းများ ဖျက်စီးခံလိုက်ရမှုကြောင့် တောင်သူ အများအပြားသည် စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု သိရသည်။
“အဓိကကတော့ ပြောင်းဖူးစိုက်တဲ့ တောင်သူတွေ အတော်ကို နစ်နာပါတယ်။ ဆန်ဈေးတွေက ရွာဖက်အရောက်ဆို အနည်းဆုံး တစ်သိန်းခွဲကျပ်ဖြစ်တဲ့ အခြေအနေမှာ ရှိနေတာပါ။။ တချို့တောင်သူတွေက မိရိုးဖလာ တောင်ယာ စိုက်ခင်းကနေရတဲ့ အသီးနှံတွေ ရောင်းချပြီးတော့ပဲ စားဝတ်နေရေးဖြေရှင်းကြရတာမို့လို့ပါ” ဟု မင်းတပ်ဒေသခံ ကိုချင်းက ပြောသည်။
ချင်းတောင်သူများသည် လက်ရှိတွင် အခြေခံစားနပ်ရိက္ခာများနှင့် ဖျက်ပိုးကို တန်ပြန်နှိမ်းနင်းနိုင်မည့် စိုက်ပျိုးရေး နည်းပညာများ ၊ အသိပညာပေးသင်တန်းများ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။
ကျေးရွာပေါင်း ၄၀ ကျော်မှ ချင်းတောင်သူများ၏ စိုက်ခင်းများ ပိုးဝင်ရောက်မှုကြောင့် ဒေသခံချင်းပြည်သူအရေအတွက် မည်မျှအထိ သက်ရောက်မှု ရှိနေသည်ကို လတ်တလောမှာ စာရင်းများ မသိရသေးကြောင်း မင်းတပ်ဒေသခံက ပြောသည်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက မင်းတပ်မြို့နယ်ရှိ စစ်ကောင်စီစစ်စခန်းများအားလုံးကို CDF – မင်းတပ်နှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မင်းတပ် – CDF နှင့် မင်းတပ် -ပအဖအဖွဲ့က အကောင်အထည်ဖော်လျက်ရှိသည်။