(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် စစ်ကောင်စီတပ်စွဲရာ အနီးအနားက လူနေထိုင်ခြင်းမရှိ သည့် နေအိမ် (၅) လုံး ယမန်နေ့ညက မီးလောင်ပြာကျသွားသည်ဟု သိသည်။
ဩဂုတ်လ ၂၂ ရက် ည ၁၁ နာရီဝန်းကျင်ခန့်တွင် မင်းတပ်မြို့ အနောက်ရပ်ကွက် မင်းတပ်- မတူပီကားလမ်းမကြီးဘေး ဝိတိုရိဘော်ဒါဆောင်အောက်ဘက်ရှိ လူနေအိမ်များမီးလောင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့ဒေသခံတစ်ဦးကပြောသည်။
“နေအိမ်က ၅ အိမ်ပါသွားတယ် အဲ့အိမ်တွေက လူမနေတော့ဘူး၊ အရင်မှာ ၃ အိမ်လောက်က လူနေသေးတယ်၊ အခုနောက်ပိုင်းအကုန်လုံးစစ်ဘေးရှောင်ပြေးကြတာပေါ့။ ဘယ်လိုလောင်လဲဆိုတာ သွားလို့မရတေ့ မသိရဘူး၊ စစ်တပ်နဲ့နီးတော့ တော်ရုံတန်ရုံဘယ်သူမှမသွားရဲဘူး” ဟု မင်းတပ်မြို့ခံကပြောသည်။
မီးလောင်ကျွမ်းရသည့်အကြောင်းရင်းမသိရသော်လည်း မီးလောင်မှုမဖြစ်ပွားခင်တွင် မင်းတပ်မြို့ပေါ်က ခလရ ၂၇၄ တပ်ရင်းမှ လက်နက်ကြီး ၄ ကြိမ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။
ထို့အပြင် ယခုမီးလောင်မှုဖြစ်ပွားသည့် နေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားကြပြီး မီးလောင်မှုမှာ ၎င်းတို့လက်ချက်ဖြစ်နိုင်သည်ဟု ဒေသခံများကပြောသည်။
မင်းတပ်မြို့ပေါ် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ် ခလရ (၂၇၄) တပ်ရင်းသည် မကြာခဏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းများပိုမိုပြုလုပ်နေသောကြောင့် မြို့ခံပြည်သူများ ကြောက်ရွံ့နေကြပြီး စစ်ဘေးတိမ်းရှောင်သူ များပြားလာသည်ဟု သိရသည်။
ထို့အပြင် ပြီးခဲ့သည် မေလနောက်ပိုင်းကစ၍ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဆိုကာ ပြည်သူအများ စုသည် ကြိုတင်စစ်ဘေးတိမ်းရှောင်ခဲ့ကြသောကြောင့် မင်းတပ်မြို့ပေါ်တွင် လက်ရှိ လူဦးရေ (၂၀၀) ဝန်းကျင်သာ ရှိသည်ဟု မင်းတပ်မြို့ခံကပြောသည်။