(006SV)
ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့ပေါ် မော်တော်ယာဉ် မောင်းနှင်သူများအတွက် မော်တော်ယာဉ် စည်းကမ်းများကို သတ်မှတ်ပြဌာန်းလိုက်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇွန်လ ၄ ရက်မှာ ကြေညာသည်။
“မြို့တွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရှိစေချင်တာ။ မဖြစ်သင့်တာ မဖြစ်ရအောင်၊ ပြည်သူထိခိုက်မှုမရှိအောင် လုပ်ဆောင်တာပါ” ဟု မင်းတပ်မြို့နယ် ပအဖအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။
မင်းတပ်မြို့တွင် ကုန်စည်မော်တော်ယာဉ်များအနေဖြင့် ည ၇ နာရီ နောက်ပိုင်း မြို့တွင်းဖြတ်သန်းသွားလာခြင်းနှင့် ညအိပ်ရပ်နားခြင်းကို ခွင့်မပြုကြောင်း မင်းတပ်ပအဖက ဇွန်လ ၂ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။
အသက် ၁၅ နှစ်အောက် ကလေးသူငယ်များလည်း မော်တော်ယာဉ်/ မော်တော်ဆိုင်ယ်များ စီးနင်းမောင်းနှင်ခြင်း ခွင့်မပြုကြောင်း မင်းတပ်မြို့ပအဖက ထုတ်ပြန်သည်။
မော်တော်ယာဉ် (ယာဉ်ကြီး/ ယာဉ်ငယ်) များ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်သူများသည် မြို့တွင်းမှာ သတ်မှတ်ထားသော ၁ နာရီ မိုင် ၂၀ နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း မပြုကြောင်း၊ လိုက်နာခြင်းမရှိသူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ အရေးယူသွားမည်ဟု သိရသည်။
“ကျနော်တို့မှာ ဘယ်လို ပြစ်မှုအတွက် ဘယ်လိုပြစ်ဒဏ် သတ်မှတ်ထားတာ ရှိပါတယ်။ ငွေဒဏ်သင့်တာ ငွေဒဏ်၊ ထောင်ဒဏ်သင့်တာ ထောင်ဒဏ်၊ နှစ်ခုလုံး သင့်တာ နှစ်ခုလုံး ချမှတ်ပါတယ်” ဟု ကိုယောမာန်က ပြောသည်။
အဆိုပါယာဉ်စည်းကမ်းများကို ဒေသခံပြည်သူများအနေဖြင့် အလေးအနက်ထား လိုက်နာကြရန်နှင့် လိုက်နာခြင်း မရှိပါက ကြားကာလပြည်သူ့ အုပ်ချုပ်ရေး ဥပဒေနှင့်အညီ အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်သည်။
မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ယခုနှစ် ဖေဖော်ဝါရီလထဲမှာလည်း မြို့ဖြတ်သန်းသွားလာမည့် ကုန်စည်သယ်ယူပို့ဆောင်သည့် ကုန်တင်ကားမောင်းသူများ လိုက်နာရမည့် စည်းကမ်းချက် ၉ ချက်ကို ကြေညာခဲ့ပြီး လိုက်နာရန် ပျက်ကွက်သူများကို အရေးယူမည်ဟု ထုတ်ပြန်သည်။
မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ မြို့တွင်း၊ မြို့ပြင် ဖြတ်သန်းခွင့်ပြုမည်၊ မြို့တွင်း ရပ်နားခြင်း၊ ညအိပ်ရပ်နားခြင်း ပြုမည်မဟုတ်ကြောင်း၊ မြို့တွင်း ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးခြင်းမပြုကြောင်း၊ တားမြစ်ပစ္စည်းများ ယူဆောင်ခြင်းမပြုကြောင်း စသည့်အချက်များလည်း ပါဝင်သည်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မင်းတပ်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ မင်းတပ်မြို့တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။