(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်၊ စံပြရပ်ကွက်တွင်နေထိုင်သည့် သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးသည် ယနေ့မနက်ပိုင်းတွင် ဥယျာဉ်ခြံသန့်ရှင်းရေးလုပ်ရန်အသွား လမ်းခုလတ်တွင် မြေမြုပ်မိုင်းနင်းမိကာ ခြေတဖက် ဆုံးရှုံးသွားသည်ဟုသိရသည်။
အသက် ၆၀ ဝန်းကျင်အရွယ်ရှိသော အဆိုပါအမျိုးသမီးသည် ယနေ့မနက်ပိုင်း ၁၀ နာရီခန့်က မင်းတပ်မြို့တွင်း၊ လျှပ်စစ်ရုံးအနီး တောင်ဘက်က ဥယျာဉ်ခြံသို့ သွားရာမှာ မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ခလရ ၂၇၄ တပ်ရင်းထဲတွင် ဆေးကုသမူခံယူနေရကြောင်း မင်းတပ်မြို့ခံတစ်ဦးကပြောသည်။
“ရပ်ကွက်က သူ့ကို အဖွားလေးလို့ဝိုင်းခေါ်ကြတာ၊ သူများခြံသွားတာ လမ်းကြားဖက်ကနေသွားရင်းနဲ့ဖြစ်တာ၊ ခြေဖြတ်မိုင်းနင်းတာဆိုတော့ ခြေထောက်တဖက်တော့ ဖြတ်ရမှာပဲ။ အခုနောက်ပိုင်း စကစဖက်က ထောင်ထား တဲ့မိုင်းတွေက ခြေဖြတ်မိုင်းတွေဆိုတော့ ” ဟု၎င်းကပြောသည။
မင်းတပ်မြို့ပေါ်တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့တွင်းနေရာအနှံ့တွင် မြေမြုပ်မိုင်းများ ထောင်းထားသော ကြောင့် ပြည်သူများ သတိထားသွားလာကြရန်လိုအပ်ကြောင်း ၎င်းကပြောသည်။
စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း မင်းတပ်မြို့ပေါ်တွင် မြေမြုပ်မိုင်း နင်းမိသူ (၆) ဦးအထိရှိလာသည်ဟု မင်းတပ်မြို့ခံကပြောသည်။
ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ၃ နှစ်ကျော်အတွင်း မြေမြုမ်မိုင်းကြောင့် အရပ် သား ၃၆ ဦးသေဆုံးပြီး ၆၆ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ မှတ်တမ်းအရ သိရသည်။