(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့အဝင် ဦးဝမ္မသူးမောင်း ပန်းခြံအနီးတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှပ်မိုင်း နင်းမိ၍ သက်ကြီးအမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယနေ့ စက်တင်ဘာလ ၂၆ ရက် မနက် ၁၀ နာရီခန့်မှာ သက်ကြီး ဒေသခံ ၂ ဦးသည် တောင်ယာသွားစဉ်တွင် စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြှုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“မြို့အဝင် ပန်းခြံနားမှာ တောင်ယာသွားတဲ့ သက်ကြီး ဦးလေးတစ်ဦးက စကစ ထောင်ထာတဲ့ နင်းမိုင်းမိပြီ သေဆုံးသွားတယ်။ သူနဲ့ အတူသွားတဲ့ သက်ကြီးပိုင်း အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာ ရရှိမှု နည်းတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြော သည်။
ယနေ့ မနက်ပိုင်းတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့က မင်းတပ်မြို့ ၂၇၄ တပ်ရင်းထဲသို့ လက်နက်ကြီးဖြင့် လေးကြိမ်ခန့် လှမ်းပစ်ခဲ့ပြီး စစ်ကောင်စီတပ်ကလည်း ၁၂၀ မမ ဖြင့် တိုက်နယ် ၂ ဘက်သို့ ၄ ကြိမ်ခန့် ရမ်းသမ်း၍ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံသတင်း ရင်းမြစ်က ပြောသည်။
“မနက်က CDF ကလက်နက်ကြီး ၄ ချက် ၂၇၄တပ်ရင်းထဲလှမ်းပစ်တယ်လို့ပြောတယ် ထိခိုက်တာတွေ ရှိတယ်တော့ကြားတယ်။ အတိအကျမသိရသေးဘူး” ဟု သူက ပြောသည်။
မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်တို့အကြား စက်တင်ဘာလ ၂၄ ရက်ညပိုင်းကတည်း ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့ပြီး ယမန်နေ့က မြို့အနောက်ဘက်တွင်လည်း ဖြစ်ပွားခဲ့သည်၊ ယနေ့တွင် မြို့၏ အရှေ့ဘက်နှင့် အနောက် ဘက်တွင် ပစ်ခတ်သံတွေ ကြားနေရသည်ဟု မင်းတပ်မြို့မှ အမျိုးသားတစ်ဦးက ပြောသည်။
“နှစ်ဖက်စလုံးမှာ ထိခိုက်မှု ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးဘူး။ အစစ်အဆေးတွေလည်း ကြမ်းနေတယ်။ မသင်္ကာတဲ့ ဟာတွေကိုလည်း ခေါ်သွားပြီး ရဲစခန်းတွေမှာပဲ ဖမ်းထားတာ၊ စစ်ဆေးပြီးမှ မြို့မိမြို့ဖတွေက အာမခံနဲ့ လွတ်ပေးတာရှိတယ်။ ဆက်ဖမ်းထားသူတွေလည်း ရှိနေတယ်။ အရင်က လတွေထက် ဟိုဘက်ကလည်း ကြမ်းတယ်။ ဒီဘက်ကလည်း ကြမ်းတယ်” ဟု သူက ပြောသည်။
မင်းတပ်မြို့ပေါ်တွင် ပျောက်ကြားတိုက်ခိုက်မှုတွေ ခပ်စိတ်စိတ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးမှုများလည်း ပိုမိုပြုလုပ်လာရာ ယခုလအတွင်း ၁၀ ဦးကျော် ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးခဲ့ကာ တချို့မှာ ဖမ်းဆီးခံထားရဆဲဖြစ်သည်ဟု မင်းတပ်မြို့မှ အမျိုးသားတစ်ဦးက ပြောသည်။
မင်းတပ်မြို့ပေါ်တွင် ရေ မရသည်မှာ ၆ လခန့်ရှိပြီး မီးမရသည်မှာ ၃ လနီးပါး ရှိနေပြီးဖြစ်၍ မြို့ခံပြည်သူများ အခက်တွေ့နေကြ သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က မင်းတပ်မြို့ပေါ်တွင် အရပ်သားများကို မတရားစွပ်စွဲဖမ်းဆီးမှုများ ပိုမိုများပြားလာသောကြောင့် ပြည်သူများ အထူးသတိပြုနေထိုင်ရန်နှင့် စစ်ကောင်စီတပ်၏ အနီးအနားတွင် မနေထိုင်ရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သတိပေး ထုတ်ပြန်ထားသည်။