(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် ယမန်နေ့ညက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးသွားပြီး ပြည်သူတချို့ ထိခိုက်မှုများ ရှိကြောင်း သိရသည်။
ဇူလိုင်လ ၆ ရက် ည ၁၀ နာရီခန့်က မန္တလေး၊ တံတားဦးလေတပ်မှ စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် မင်းတပ်မြို့ပေါ်ကို ပေါက်ကွဲအားပြင်းသော ဗုံး ၂ လုံးဖြင့် ကြဲချတိုက်ခိုက်သွားသည်ဟု မင်းတပ်ဒေသခံတစ်ဦးထံမှ သိရသည်။
ယမန်နေ့ ည ၁၀ နာရီ ၁၅ မီနစ်ခန့်ကလည်း မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးသွားပြီး အရပ်သားပြည်သူ တချို့ ထိခိုက်ဒဏ်ရာ ရရှိမှု ရှိကြောင်း၊ အသေးစိတ်အခြေအနေကို မသိရှိရသေးကြောင်း သိရသည်။
အသက် ၄၀ အရွယ် ဒေသခံအမျိုးသမီး ၁ ဦးလည်း စစ်တပ်၏ ယမန်နေ့ညက လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးရသည်ဟု ကနဦး သတင်းများ ထွက်ပေါ်နေပြီး ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဇူလိုင်လ ၅ ရက်မှာလည်း မင်းတပ်နှင့် ကန်ပက်လက်တို့ကို စစ်တပ်က Y -12 လေယာဉ်များဖြင့် ဗုံးများ အတွဲလိုက်ကြဲချ တိုက်ခိုက်ခဲ့ပြီး မင်းတပ်မြို့အနီးနေရာများကိုပင် ဗုံးအလုံးရေ ၃၀ ခန့် အသုံးပြု၍ ဗုံးကြဲခဲ့သည်ဟု သိရသည်။
မေလလယ်မှ စတင်၍ ချင်းပြည်နယ်တောင်ပိုင်းကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲများ ပြင်းထန်နေပြီး အထိနာနေသော စစ်တပ်သည် မင်းတပ်နှင့် ကန်ပက်လက်ကို လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး အပြင်းအထန် ပြုလုပ်နေသည်အတွက် အခြေခံအဆောက်အဦးများ ထိခိုက်ပျက်စီးမှု များပြားကြောင်း သိရသည်။

