(002MG)
ချင်းပြည်နယ် ၊မင်းတပ်မြို့ပေါ်၊စံပြရပ်ကွက်တွင် ယနေ့ဇူလိုင်လ (၂၄) ရက် ယနေ့မနက်ပိုင်းက အမျိုးသားတစ်ဦး အိမ်ဝန်းသန့်ရှင်းရေးလုပ်ရာတွင် မြေမြုပ်မိုင်းနင်းမိ၍ ညာဖက်ခြေထောက်ပြတ်သွားခဲ့သည်ဟု သိရသည်။
မင်းတပ်ဒေသခံတဦးက “သူက သူ့အိမ်ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ရင်းနဲ့ မိုင်းနင်းမိလို့ ခြေထောက် တဖက်ဒဏ်ရာ ဖြစ်သွားတယ်၊ ခြေဖဝါးပြတ်သွားတာပြင်းထန်တာပေါ့ ဒါပေမယ့် ကုသလို့ရနိုင်မယ်လို့ ဆရာဝန်က ပြောတယ်” ဟု ပြောသည်။
အဆိုပါ အမျိုးသားသည် အသက် (၆၃) နှစ်အရွယ် ဦးထန်းလိန်းဖြစ်ကာ လက်ရှိတွင် ၂၇၄ တပ်ကုန်းဆေးရုံတွင် ဆေးကုသမူခံယူနေဆဲဖြစ်သည်ဟု သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း (၃) နှစ်အတွင်း ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းနင်းမိသောကြောင့် ချင်းလူမျိုး (၃၆) ဦးသေဆုံးခဲ့ရသည့်အပြင် (၆၆) ဦးသည်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ မှတ်တမ်းအရ သိရသည်။