(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့် တင်းနေသည်ဟုသိရသည်။
ယနေ့ သြဂုတ်လ ၂၈ ရက်မနက်ပိုင်းတွင် စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများဟုယူဆရ သောအထုပ်များကို မင်းတပ်မြို့ပေါ် ခလရ ၂၇၄ တပ်ရင်းအနီးမှာ လေထီးနှင့် ချပေးခဲ့သည်ဟု မင်းတပ်ဒေသခံက ပြောသည်။
မင်းတပ်ဒေသခံက “သူတို့က ရိက္ခာလား၊ ကျည်ဆံလားမသိဘူး တောက် လျှောက်ချပေးနေတာ သူတို့ချပေးတဲ့နေရာက ၂၇၄ တပ်ရင်းနဲ့နီးတယ်၊ မိုးရွာနေပေမယ့် လေယာဥ်က တောက်လျှောက်ဝဲနေတာ။ ပြီးခဲ့တဲ့လကလည်းလေယာဥ်နဲ့လာချတယ်” ဟုပြောသည်။
လေထီးဖြင့်ချပေးသောအထုပ်များသည် ခလရ ၂၇၄ နှင့် ကပ်လျက်တည်ရှိသည့် တောင်ပုလုဘုန်းကြီး ကျောင်းဝန်းထဲ ကျသွားခြင်းဖြစ်နိုင်ကြောင်း ဓာတ်ပုံများအရ ဒေသခံများက သုံးသပ်သည်။
စစ်ရေးတွင်အထိနာနေသော စစ်ကောင်စီသည် မြေပြင်လမ်းကြောင်းများကိုလည်း ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ယခုနောက်ပိုင်းတွင် လေကြောင်းဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများဖြည့်တင်းမှု ပိုမိုပြုလုပ်လာသည်။
မင်းတပ်မြို့ပေါမှာ အထိုင်ချတပ်စွဲထားကြသော စစ်ကောင်စီတပ်ဖွဲ့များသည် ယခုရက်ပိုင်းအတွင်း လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပိုမိုပြုလုပ်လာနေသောကြောင့် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားလာနိုင်ကြောင်း ချင်းကာကွယ် ရေးတပ်ဖွဲ့ (မင်းတပ်) က မကြာသေးခင်ရက်ပိုင်းကထုတ်ပြန်ထားသည်။
လက်ရှိ မင်းတပ်မြု့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် အရှေ့မီးသတ်ကုန်း၊ မိုးလေဝသကုန်း၊ ထွေအုပ်ရုံး၊ အ.ထ.က (၁) ကျောင်း၊ တောင်ပုလုဘုန်းကြီးကျောင်း၊ ဆေးရုံကုန်း၊ ဆောက်လုပ်ရေးရုံးတို့တွင် တပ်စွဲနေရာယူထားသည်ဟု သိရသည်။