(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် ယနေ့မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အရှေ့ပြင်ရပ်ကွက်က လူနေအိမ်များ မီးလောင်ကျွမ်းနေပြီး လုံခြုံရေးအခြေအနေကြောင့် မီးငြိမ်းသတ်ရန် အခက်အခဲရှိနေသည့်အတွက် တစ်အိမ်ပြီးတစ်အိမ်ကူးစက်လောင်ကျွမ်းနေသည်ဟု မင်းတပ်ဒေသခံတစ်ဦးကပြောသည်။
ယနေ့မနက်ပိုင်းက အရှေ့ပြင်ရပ်ကွက်ဖက်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့နှင့်် CDF- မင်းတပ်တို့ ထိတွေ့မှုဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် နေအိမ်များ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မင်းတပ်မြို့ခံတဦးက “အရှေ့ပြင်ရပ်ကွက်မှာ ၁၂ နာရီလောက်ကစပြီးတော့မှ မီးလောင်နေတာ။အဲ့ ရပ်ကွက်မှာ နေအိမ်များတယ်၊မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုတွေရှိတယ်၊ အိမ်က တောက်လျှောက်ဆက်တယ်ဆိုတော့ မီးမငြိမ်းလို့ရှိရင် အများကြီးလောင်မှာ၊အရေအတွက်တော့ မသိနိုင်သေးဘူး ကျွန်တော်တို့လည်း လုံခြုံရေးကြောင့် သွားကြည့်လို့မရဘူး” ဟု ပြောသည်။
နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဘက်က ပစ်ခတ်သောလက်နက်ကြီးကြောင့် လောင်ကျွမ်းခြင်းဖြစ်နိုင်သလို စစ်ကောင်စီဘက်က တမင်တကာမီးရှို့သွားခြင်းလည်းဖြစ်နိုင်သည်ဟု မင်းတပ်ဒေသခံက ပြောသည်။
ယနေ့မနက်ပိုင်း မင်းတပ်မြို့ထဲပစ်ခတ်မှုတွင် CDF-မင်းတပ်မှ ဒရုန်းဖြင့် ဗုံးသီး (၇) လုံးချခဲ့သောကြောင့် မြို့နယ် ခရိုင် ရဲစခန်း အဆောက်အအုံ အမိုးလန်ပျက်စီးခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ထဲက တပ်ကြပ်ကြီးအဆင့်ရှိသူတဦး သေဆုံးခဲ့သည်ဟုလည်း မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မင်းတပ်မြို့ပေါ်ရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်များကို ယခုရက်ပိုင်းအတွင်း ဆက်တိုက်မီးရှို့နေသည့်အပြင် မင်းတပ်မြို့နယ်အတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာလည်း စက်တင်ဘာလ တလအတွင်း အကြိမ် (၃၀) ထက်မနည်းပြုလုပ်ခဲ့သည်ဟု သိရသည်။