(006SV)
မင်းတပ်မြို့နယ်တွင် အရပ်သားပြည်သူများအနေဖြင့် လက်ဝယ်ထားရှိသော လက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်း တပ်ဖွဲ့များထံ မတ်လ ၁၅ ရက် နောက်ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ထုတ်ပြန်လာသည်။
ထိန်းချုပ်နယ်မြေအတွင်း လက်နက်ခဲယမ်း ထိန်းချုပ်နိုင်ရေး၊ ပြည်သူလူထုကို လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်း အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိခြင်းကြောင်း လက်နက်ခဲယမ်းများ အပ်နှံရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု CDM – မင်းတပ်က ဖေဖော်ဝါရီလ ၂၅ ရက်မှာ ထုတ်ပြန်သည်။

တိုက်ခိုက်ရေးမောင်းပြန်ရိုင်ဖယ်နှင့် အခြားလက်နက်ခဲယမ်းများကို နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့များထံ မတ်လ ၁၅ ရက်မှာ နောက်ဆုံးထား၍ အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်ထားသော ဆုကြေးနှင့် ဝယ်ယူထားသော လက်နက်ခဲယမ်းများကို တန်းဖိုးထုတ်ပေးမည်ဟု သိရသည်။
သတ်မှတ်ရက်ကျော်လွန်ပြီး လက်နက်ခဲယမ်းများကို ကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ ပြုလုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူခြင်းခံရမည်ဟု CDF – မင်းတပ်က ဆိုသည်။
အရပ်သားပြည်သူများအနေဖြင့် မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ကစဉ့်ကလျားထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ရရှိသော လက်နက်ခဲယမ်းဖြစ်စေ၊ အခြားတနည်းနည်းဖြင့် ရရှိသော လက်နက်ခဲယမ်းဖြစ်စေ CDF – မင်းတပ်ထံ အပ်နှံရမည်ဟု သိရသည်။
CDF – မင်းတပ်သည် မင်းတပ်မြို့သိမ်းတိုက်ပွဲအပြီး ၂ လနီးပါးခန့်တွင် မင်းတပ်မြို့နယ်အတွင်း လက်နက်ခဲယမ်းထိန်းချုပ်နိုင် ရေးအတွက် ဆောင်ရွက်လာခြင်းဖြစ်သည်ဟု နားလည်ရပြီး CDF မင်းတပ်တာဝန်ရှိသူများကို ဆက်သွယ်မေး မြန်းထားသော်လည်း ဖေဖော်ဝါရီလ ၂၆ ရက် နေ့လည်ပိုင်းအထိ မရရှိသေးပါ။
ဖေဖော်ဝါရီလ ၁၁ ရက်မှစတင်၍ မင်းတပ်မြိုတွင် ဒေသခံပြည်သူများသည် ပြန်လည်ဝင်ရောက်၍ အခြေချနေထိုင်နိုင်ပြီ ဖြစ်ကြောင်း လိုက်နာရမည့်စည်းကမ်းချက်များနှင့်အတူ မင်းတပ်မြို့နယ်ပအဖအဖွဲ့က ထုတ်ပြန်ထားသည်။