(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များကို အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ချင်းပြည်သူ့တပ်မတော် (CPA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တန်ပြန်ထိုးစစ်ဆင် ခြင်းများဖြင့် တိုက်ခိုက်နေရာ စစ်တပ်မှ ရာချီ သေဆုံးပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျသွားကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၂ ရက်မှာ မင်းတပ်၊ ကန်ပက်လက်မြို့အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ၏ ထုတ်ပြန်ချက်မှာ ယင်းသို့ အသိပေးထားခြင်းဖြစ်သည်။
မေလ ၁၆ ရက်မှစတင်၍ ကန်ပက်လက်၊ မင်းတပ်မြို့နယ်များသို့ ပြည်သူ့စစ် အများအပြား ပါဝင်သော စစ်ကော်မရှင်တပ်၏ အင်အားထောင်ချီသော စစ်ကြောင်းများကို ချင်းပြည်သူ့တပ်မတော် (CPA) ၊ ယောဒသမှ တော်လှန်ရေးတပ်များ ဖြစ်သော YDF၊ YA အပါအဝင် မဟာမိတ်တပ်များ အတူတကွ လက်တွဲပြီး တိုက်ခိုက်နေသည်ဟု CPA ထံမှ သိရသည်။
အာဏာသိမ်းစစ်တပ်၏ နယ်မြေကျူးကျော်၍ ထိုးစစ်ဆင်လာမှုများကို ချင်းပူးပေါင်းတပ်များက ဟန့်တားတိုက်ခိုက်ခြင်း၊ တန်ပြန်ထိုးစစ်ဆင်ခြင်းများဖြင့် တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကောင်စီစစ်ကြောင်းများမှာ ရာချီကျဆုံးသကဲ့သို့ အင်အားရာချီ၍လည်း ထိခိုက်မှုများ ရှိခဲ့ပြီး လက်ရှိမှာ ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျခဲ့ရသည်ဟု CPU ထံမှ သိရသည်။
ချင်းတောင်ပိုင်းက တစ်လကျော်ကြာပြီးဖြစ်သော ပြင်းထန်သည့် တိုက်ပွဲများအတွင် စစ်ကောင်စီတပ်မှ အလောင်းများ၊ သုံ့ပန်းများအပါအဝင် လက်နက်ခဲယမ်းအမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိသည်ဟု CPU/ CPA က ထုတ်ပြန်သည်။
ယောဒေသ၊ ဆောနယ်ကို ဖြတ်လျက် အင်အားထောင်ချီဖြင့် ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းများကို ချင်းပူးပေါင်းများက ဟန်ချက်ညီညီ၊ စည်းစည်းလုံးလုံးဖြင့် ခုခံတွန်းလှန်စစ် ဆင်နွှဲလျက်ရှိပြီး တစ်လကျော်ကြာသည်အထိ စစ်ရေးအသာစီးဖြင့် တိုက်ပွဲဆင်နွှဲနေသည်ဟု သိရသည်။
မြေပြင်တိုက်ပွဲများတွင် အထိနာနေသော စစ်တပ်သည် စစ်ရေးပစ်မှတ်၊ အရပ်ဖက်ပစ်မှတ် မခွဲခြားဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ရမ်းသန်းပစ်ခတ်မှုများ နေ့စဉ် ရက်ဆက် ကျူးလွန်နေသည်ဟု ဆိုသည်။
ယင်းသို့ ကျူးလွန်မှုကြောင့် အများပြည်သူတို့၏ အသက်၊ အိုးအိမ်စည်းစိမ်းများ ထိခိုက်ပျက်စီးနေရခြင်း၊ အမျိုးသမီးနှင့် ကလေးသူငယ်အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းများ ရှိနေသည်ဟု သိရသည်။
“နယ်မြေကျူးကျော်လာသော” စစ်တပ်စစ်ကြောင်းများကို CPU/ CPA အနေဖြင့် မဟာမိတ်ပူးပေါင်းတပ်များ၊ ပြည်သူများနှင့် လက်တွဲပူးပေါင်းပြီး အရှိန်အဟုန်မြှင့်၍ နည်းလမ်းပေါင်းစုံဖြင့် အဆုံးထိ ခုခံတွန်းလှန်သွားရန် သန္နိဌာန် ချပြီး တော်လှန်ရေးနေသည်ဟု CPU/ CPA ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ရာကျတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသော ပြည်သူများနှင့် တိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့သော ရဲဘောင်အပေါင်းကို ဦးညွှတ်ဂုဏ်ပြု မှတ်တမ်းတင်ပါသည်ဟု ထုတ်ပြန်ထားသည်။

