(006SV)
အာဏာသိမ်းစစ်တပ်၏ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်းကျေးရွာကို ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကလေးငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံပြည်သူ ၈ ဦး အစုအပြုံလိုက် သေဆုံးခဲ့ရသည်ဟု ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့ တပ်မတော် (CPA/ CPU) ထံမှ သိရသည်။
“ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုက ပြည်သူတွေနေရာကလည်းပဲ တိုက်ပွဲဖြစ်နေတာလည်း မဟုတ်ဘူး။ တိုက်ပွဲဖြစ်နေတဲ့ နေရာနဲ့လည်း တော်တော်ဝေးတယ်။ ၁၄/ ၁၅ မိုင်လောက် ဝေးပါတယ်။ သူတို့ကလည်း တချို့က စစ်ဘေးရှောင်တွေက စစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။ ဆိုတော့ အဲဒီဘက်မှာ တိုက်လေယာဉ်နဲ့ ကြဲတာ ၂ နေရာပေါ့။ တစ်ခါကြဲရင် ၂ လုံးစီနဲ့ ၂ နေရာမှာ ရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေပေါ့။ ကြဲတဲ့ နေရာကလည်း တစ်နေရာနဲ့ တစ်နေရာ မီတာ ၃၀၀/ ၄၀၀ လောက် ကွာပါတယ်။ အဲလိုခွဲခြားပြီးမှ ကြဲလိုက်တာ။ အဲလိုမျိုးကြဲတာမှာ ပြည်သူတွေ ထိသွားတာပါ” ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။
ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီခွဲမှာ ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ မရှိန်းလှော်အုပ်စု၊ ဝမ်းခုမ်းကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မူလတန်းကျောင်းသား ၂ ဦး၊ ၉ တန်းကျောင်းသူ ၁ ဦး ၊ စစ်ဘေးရှောင် ၂ ဦး၊ သက်ကြီးရွယ်အို အဘိုးအဘွားများ အပါအဝင် ဒေသခံပြည်သူ ၈ ဦး သေဆုံးရသည်ဟု CPU/ CPA က ဩဂုတ်လ ၃၁ ရက်မှာ ထုတ်ပြန်သည်။
ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများ ၁၅ ဦးခန့်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး လူနေအိမ် အများအပြား ထိခိုက်ပျက်စီးကာ အခြားပျက်စီးဆုံးရှုံးမှုများလည်း ရှိသည်ဟု သိရသည်။
မိမိတို့ ပြည်သူ၊ အသက်အိုးအိမ်နှင့် ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန် ကာကွယ်သွားမည်ဟု CPU/ CPA ဆိုသည်။
ချင်းတောင်သို့ ထိုးစစ်ဆင်လာနေသော စစ်တပ်သည် ရှုံးမဲမဲသောအနေဖြင့် အပြစ်မဲ့အရပ်သား ပြည်သူလူထုအပေါ် သူရဲဘော ကြောင်စွာ နေ့ည အချိန်မရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ပြုလုပ်နေသောကြာင့် CPU ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးဂရုစိုက်ရန် CPU/ CPA က သတိပေးထားသည်။
မင်းတပ်နှင့် ကန်ပက်လက်မြို့တို့တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေသော စစ်တပ်စစ်ကြောင်းများနှင့် CPA ၊ မဟာမိတ်ပူးပေါင်းတပ်များအကြား မေလလယ်မှစတင်၍ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။
လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်များသည် စစ်တပ်၏ ထိုးစစ်များကို ခုခံဟန့်တားထားနိုင်ပြီး စစ်မြေပြင်တွင် အခြေအနေ မကောင်းသော စစ်တပ်သည် တိုက်လေယာဉ်၊ Y – 12 လေယာဉ်များဖြင့် အရပ်သားပစ်မှတ်များဖြစ်သော လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အဦးများနှင့် ဆိုင်ခန်းများကို အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်ဟု သိရသည်။
