(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီးရှိ ကျေးရွာတစ်ရွာကို ယနေ့နံနက်ပိုင်းက စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ၁၀ နှစ်ဝန်းကျင်အရွယ်၊ မိန်းကလေးငယ် ၃ ဦး သေဆုံးသွားသည်ဟု သိရသည်။
ယနေ့နံနက် နံနက် ၅ နာရီခွဲခန့်တွင် မန္တလေးမြို့၊ တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးက မင်းတပ်မြို့အနီးရှိ ကျေးရွာကို ဗုံး ၃ လုံးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသက်မပြည့်သေးသော အသက် ၇ နှစ်၊ ၈ နှစ် နှင့် ၁၀ နှစ် ဝန်းကျင်အရွယ် အမျိုးသမီးငယ် ၃ ဦး သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် နေရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူတချို့ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု သိရသည်။
မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၄ အတွင်းရှိ ရှိမ်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ခိုနူမ်းသုန်းအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။
ယနေ့ ညနေ ၅ နာရီခန့်ကလည်း မင်းတပ်မြို့အနီးကို ဂျက်ဖိုက်တာ ၁ စီး မှ ၂ ကြိမ်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဗုံး ၄ လုံး ကြဲချသွားကြောင်း၊ ညနေ ၆ နာရီခွဲခန့်တွင်လည်း မင်းတပ်မြို့၏ အရှေ့ဘက်နေရာများကို Y- 12 လေယာဉ်ဖြင့် ဗုံး ၃ လုံးတွဲခန့်ဖြင့် ၁၁ ကြိမ် လေကြောင်းတိုက်ခိုက်ရာ ဗုံးအလုံး ၃၀ ကျော် ကြဲချသွားကြောင်း မင်းတပ်မြို့ခံကိုဟာကလေးထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၂၈ ရက် မနက် ၆ နာရီခန့်က Y- 12 လေယာဉ်ဖြင့် ဗုံးများ အတွဲလိုက် ကြဲချခဲ့ရာ ဗုံးအလုံးရေ ၅၀ ခန့် အသုံးပြုတိုက်ခိုက်ခဲ့သကဲ့သို့ မနက် ၉ နာရီခန့်ကလည်း မင်းတပ်မြို့၏ အရှေ့ခြမ်းနေရာများကို စစ်တပ်သည် Y – 12 လေယာဉ်ဖြင့် ဗုံးများ အတွဲလိုက်ကြဲချခဲ့ရာ ဗုံးအလုံး ၄၀ ကျော်ခန့် အသုံးပြုခဲ့ကြောင်း သိရသည်။
စစ်တပ်သည် ချင်းတောင်ပိုင်းတွင် စစ်ရေးပစ်မှတ်များသာမက မြို့ရွာများ၊ နေအိမ်များ၊ ဘုရားကျောင်းများနှင့် အခြားသော အရပ်ဘက်အဆောက်အဦးများကိုလည်း ခွဲခြားမှု မရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်နေပြီး နေအိမ်အပါဝင် အခြေခံအဆောက်အဦး အများအပြားသည် ထိခိုက်ပျက်စီးမှု ကြီးမားကြောင်း ဒေသခံတွင်း သတင်းရင်းမြစ်တချို့ထံမှ သိရသည်။
မေလလယ်ခန့်မှ စတင်၍ မကွေး၊ ယောဒေသမှတဆင့် ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို စစ်တပ်က ဒရုန်း၊ လေကြောင်းနှင့် လက်နက် ကြီး ပစ်ကူအများအပြားအသုံးပြုပြီး စစ်အင်အား ၂၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာနေရာ ချင်းပူးပေါင်းတပ်များနှင့် ယနေ့အထိ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။

