|| ဒေသခံထောင်ချီ အခြေခံစားနပ်ရိက္ခာ၊ အမိုးအကာများ လိုအပ်နေ
(006SV)
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲတွင် ရေကြီးလျှံမှုကြောင့် ချင်းကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၂၆၀ ဝန်းကျင်းမှာ ရေထဲမျောပါပျက်စီးသွားပြီး ထောင်ချီသည့် ဒေသခံများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း ရေဘေးကူညီပေးနေသူများထံမှ သိရသည်။
ရာဂီမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ စက်တင်ဘာလ ၁၄ ရက်ခန့်က မင်းပြားမြို့နယ်၊ သရွယ်ချောင်း၏ ရေကြီးရေလျှံမှုကြောင့် ချင်းကျေးရွာ ၁၃ ရွာ ထိခိုက်ပျက်စီးဆုံးမှု များပြားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ရွာ ၁၃ ရွာက အိမ်ခြေပေါင်း ၂၆၀ ဟာ ရေနဲ့မျောပါတယ်။ အကုန်လုံးက ရေနဲ့ ခြံငုတ်တိုင်ကနေနှုတ်ပြီးမှ မျောပါသွားတဲ့ အိမ်ခြေကို ပြောတာပါ။ ရွာမှာ ကျန်ရှိတဲ့ ယိုင်တဲ့အိမ်တွေ၊ အနည်းငယ်ပျက်စီးသွားတဲ့အိမ်တွေကို ပြောတာမဟုတ်ပါဘူး” ဟု ရေးဘေးကူညီနေသူ ဒေသခံတစ်ဦးက ပြောသည်။
ချင်းကျေးရွာ ၁၃ ရွာတွင် အိမ်ခြေပေါင်း ၇၅၇ အိမ် ရှိခဲ့ရာတွင် အိမ်ခြေ ၂၆၀ ခန့်သည် ရေဖြင့်မျောပါပျက်စီးသွားပြီး အိမ်များ ယိုင်လဲပျက်စီးနေသော အိမ်များလည်း ရှိနေသေးကြောင်း သိရသည်။
ရေဖြင့် မျောပါပျက်စီးသွားသော အိမ်များမှာ အိမ်ခြေ ၈၂ အိမ်ရှိသည့် ကိုင်းကြီးရွာတွင် ၁၂ အိမ်၊ အိမ်ခြေ ၁၄၇ အိမ်ရှိသည့် ပြင်းမကျေးရွာ (ရွာကြီး) တွင် ၃၅ အိမ်၊ အိမ်ခြေ ၃၇ အိမ်ရှိသည့် ပြင်းမရွာငယ်တွင် ၉ အိမ်၊ အိမ်ခြေ ၁၄ အိမ်ရှိသည့် ကျီးချောင်းတွင် ၁၂ အိမ်၊ အိမ်ခြေ ၅၀ ရှိသည့် ပြင်းချောင်းရွာတွင် ၁၆ အိမ်၊ အိမ်ခြေ ၁၀၈ အိမ်ရှိသည့် ပြင်းဝရွာတွင် ၃၃ အိမ်၊ အိမ်ခြေ ၇၁ အိမ်ရှိသည့် သရက်အုပ်ရွာတွင် ၁၇ အိမ်၊ အိမ်ခြေ ၁၅ အိမ်ရှိသည့် ငလျင်ကြီးရွာတွင် ၁၃ အိမ်၊ အိမ်ခြေ ၂၉ အိမ်ရှိသည့် လက်ထောက်ရွာသစ်တွင် ၁၆ အိမ်၊ အိမ်ခြေ ၁၂ အိမ်ရှိသည့် ရွာသာယာရွာတွင် ၃ အိမ်၊ အိမ်ခြေ ၁၀၃ အိမ်ရှိသည့် လက်ထောက်ရွာဟောင်း ၅၇ အိမ်၊ အိမ်ခြေ ၄၉ အိမ်ရှိသည့် အထက်ခချီးမြောင်ရွာတွင် ၁၅ အိမ်၊ အိမ်ခြေ ၄၀ ရှိသည့် အောက်ခချီးမြောင်တွင် ၁၅ အိမ်တို့ဖြစ်ကြောင်း သိရသည်။
ရေဘေးကြောင့် အခက်အခဲဖြစ်နေသော ပြည်သူစာရင်းများကို ကောက်ယူနေဆဲဖြစ်ပြီး ရေဖြင့် မျောပါပျက်စီးသွားသော အိမ်ခြေ ၂၆၀ ကို လူ ၄ ဦးစာရင်းဖြင့် ယာယီတွက်ချက်ကြည့်ပါက ဒေသခံ လူထု ၁၀၀၀ ခန့်ရှိနေပြီးဖြစ်ကြောင်း သိရသည်။
“လက်ရှိက အလိုအပ်ဆုံးက ဆေးဝါးလိုအပ်တယ်။ သောက်ရေသန့် လိုအပ်တယ်။ ချောင်းရေကို ကျိုချက်ပြီး သောက်ခိုင်းထားတာ ရှိပေမယ့် ကလေးတွေက ဝမ်းပျက်၊ ဝမ်းလျောတွေ ဖြစ်နိုင်တယ်။ အမိုးအကာတွေလည်းမရှိဘူး။ စားနပ်ရိက္ခာက အလိုအပ်ဆုံးပါပဲ” ဟု ဒေသခံများကို ကူညီပေးနေသူက ပြောသည်။
ရေကြီးရေလျှံမှုအတွင်း ပြင်းမကျေးရွာမှ အသက် ၃၈ နှစ်အရွယ် ချင်းလူမျိုး ဦးမောင်လှသည် ရေဖြင့် မျောပါသွားမှုကို ဒေသခံများ မြင်တွေ့ပြီးနောက် ယနေ့အထိ ရှာဖွေ၍ မတွေ့ရှိသေးကြောင်း၊ ဦးမောင်လှတွင် ဇနီးနှင့် သားသမီး ၆ ဦး ကျန်ရစ်ခဲ့ကြောင်းသိရသည်။
မင်းပြားမြို့နယ်က ချင်းကျေးရွာက ရေဘေးသင့်သူများကို ကူညီနိုင်ရေးအတွက် သရွယ်ချောင်းလူငယ် ပြန်လည်ထူထောင်ရေးအဖွဲ့ကို ပြည်တွင်း၊ ပြည်ပ လူငယ်များဖြင့်ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည်ဖြစ်၍ ထောက်ပံ့ကူညီနိုင်ကြောင်း သိရသည်။