(004SS)
အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် ဒေသခံပြည်သူများ သာရေး၊ နာရေး၊ စားနပ်ရိက္ခာသယ်ယူရေးအတွက် အဓိက အသုံးပြုနေသည့် မဏိပူရမြစ်ကူး မံဆောင်းတံတားသည် ဇွန်လ ၇ ရက် နံနက်အစောပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သိရသည်။
မံဆောင်းတံအနီး Lamzang ကျေးရွာ ZYA အဖွဲ့၏ ဖော်ပြချက်အရ ဇွန်လ ၇ ရက် နံနက် ၄:၃၀ နာရီဝန်းကျင်တွင် ပြင်း ထန်သော ပေါက်ကွဲသံ ထွက်ပေါ်ခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေအိမ်များပါ တုန်ခါသွားခဲ့ကြောင်း ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လိုင်တွီး (Laitui) လမ်းဘက်သို့ ဆိုင်ကယ်တစ်စီး မောင်းနှင်ထွက်ပြေးသွားသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြကြောင်း ဆိုသည်။
မံဆောင်းတံတားသည် အောက်ခြေတိုင်များ မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး တံတားတိုင်အောက်ခြေ ကွန်ကရစ် အစိတ်အပိုင်းအချို့ ပျက်စီးသွားသော်လည်း တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားခြင်း မရှိဘဲ ကြံ့ခိုင်မှု ရှိနေသေး သည့်အတွက်ကြောင့် လက်ရှိအချိန်တွင် ပြည်သူများ ယာယီဖြတ်သန်း သွားလာနိုင်ဆဲ ဟု သိရသည်။
PDF-Zoland တာဝန်ရှိသူတစ်ဦးက “ ဒီတံတားက NLD အစိုးရလက်ထက်တုန်းက လုပ်တဲ့ဟာဖြစ်တယ်။ တစ်ပိုင်း တစ်စပဲပြီးတယ်။ ဟိုဘက် ရိဒ်ဘက်တစ်ဘက်ကမ်း မရောက်သေးဘူး။ အဲဒီဟာကို ကျွန်တော်တို့ ဆက်ပြီးမှ ကားသွား လို့ရအောင်လုပ်ထားတာပေါ့လေ၊ ပြည်သူလူထုအတွက် သာရေး၊ နာရေးမှာ အသုံးပြုလို့ရအောင်၊ မိုးတွင်းမှာ စားနပ်ရိ က္ခာသယ်ယူရေး အဆင်ပြေအောင်ဆိုပြီး ကားကူးလို့ရအောင် ပြုပြင်ထားတဲ့ဟာပါ။ လက်ရှိလဲ ပြုပြင်နေတုန်းပဲ။ အပေါ်ပိုင်းကိုပေါ့နော် ” ဟု ပြောသည်။
အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် အဓိကကျသော မဏိပူရမြစ်ကူး မံဆောင်းတံတားဟောင်းသည် ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ပြီး ဒေသခံများနှင့် ကုန်သည်များ လမ်းပန်းဆက်သွယ်ရေး ပြတ် တောက်ကာ အခက်အခဲများစွာ ကြုံတွေံခဲ့ကြရသည်။
NLD အစိုးရလက်ထက်က ကျပ်သိန်းပေါင်း ၅ သောင်း ဘတ်ဂျက်ဖြင့် ဆောက်လက်စ တံတားသစ်စီမံကိန်းမှာလည်း ဖောင်ဒေးရှင်းနှင့် တိုင်၊ တန်းအဆင့်တွင်တင် စစ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရသည်။
ထို့နောက် ဒေသခံပြည်သူများ၊ ဒေသခံ တော်လှန်ရန်ရေးတပ်ဖွဲ့များက ရပ်နားထားသည့် တံတားသစ် ဖောင်ဒေးရှင်း တိုင်များနှင့် သံဘောင်များပေါ်တွင် လူနှင့် ဆိုင်ကယ်များ ဖြတ်သန်းနိုင်မည့် ယာယီတံတားတစ်စင်းကို ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ရာ ကုန်ပစ္စည်းများကို ကမ်းတစ်ဖက်သို့ တွန်းလှည်းနှင့် လူအားဖြင့် ကူးပြောင်းသယ်ယူနိုင်ခဲ့သည့်အပြင် လက်ရှိတွင် ကားလေးများ ဖြတ်သန်းနိုင်သည်အထိ ပြည်သူများ အသုံးပြုလာနိုင်ကြခြင်းဖြစ်သည်။

