အကျဉ်းထောင်ထဲတွင် ထောင်တွင်းမွေးဖွားသော ကလေးများ အပါအဝင် ကလေးငယ် ၅၀ ထက်မနည်းရှိနေ
(006SV)
အိန္ဒိယနိုင်ငံ၊ မဏိပူရ်နှင့် အာသံပြည်နယ်များတွင် ဖမ်းဆီးထောင်ချခံ မြန်မာစစ်ဘေးဒုက္ခသည် ၁၅၀ နီးပါးကို ပြန်လွှတ်ပေးရန်အပါအဝင် ထောင်တွင်းသေဆုံမှုများ တရားမျှမှု ရရှိရေးအတွက် အိန္ဒိယဗဟိုအစိုးရထံ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၀၀ နီးပါး တောင်းဆိုသည်။
ယနေ့ မတ်လ ၂၀ ရက်တွင် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ကာ မြန်မာနိုင်ငံနှင့် အိန္ဒိယနယ်စပ်တလျှောက်ရှိ လူမှုအဖွဲ့အစည်းပေါင်း ၁၉၆ ဖွဲ့က တောင်းဆိုနေခြင်းဖြစ်သည်။
“လက်ရှိကြုံတွေ့နေတဲ့ အခြေအနေက တော်တော်စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေပြီးမို့ အမြန်ဆုံး ဖြေရှင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝိုင်းလုပ်ကြတာပါ။ ဒီလို အိန္ဒိယနိုင်ငံအတွင်းမှာ ဆက်လက်ထိန်းထားလို့ ဆယ်စုနှစ်ချီနဲ့ ထောင်ထဲမှာ ရှိနေတဲ့ လူတွေ အများကြီးရှိနေတယ်။ မြန်မာနိုင်ငံသားတွေလည်း အဲဒီလို အခြေအနေ မရောက်အောင် အကောင်းဆုံး နည်းလမ်းလေးနဲ့ ဖြေရှင်းပေးစေလိုတဲ့ ရည်ရွယ်ချက်ပါ” ဟု India for Myanmar တည်ထောင်သူ ဆလိုင်းဒိုရ်ခါက ပြောသည်။
အိတ်ဖွင့်ပေးစာတွင် အိန္ဒိယနိုင်ငံထဲ စစ်ဘေးတိမ်းရှောင်သော မြန်မာပြည်သူများကို ဖမ်းဆီးထောင်ချမှုများ ရပ်တန့်ပြီး စစ်ဘေး ဒုက္ခသည်များကို လူ့ဂုဏ်သိက္ခာနှင့်အညီ အသက်ရှင်သန် နေထိုင်ခွင့်ပြုရန်၊ ဖမ်းဆီးထောင်ချထားသူများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုသည်။
မဏိပူရပြည်နယ်နှင့် အာသံပြည်နယ်ရှိ ထောင်များတွင် မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၁၄၇ ဦး ထက်မနည်း ဖမ်းဆီးအကျဉ်း ချခံထားရပြီး ယင်းတို့ထဲ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ထောင်တွင်း မွေးဖွားသော ကလေးငယ်များ၊ ကျောင်းနေအရွယ် လူငယ်များစွာနှင့် အမျိုးသမီးများ ဝင်နေသည်ဟု သိရသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူများတွင် ကလေးငယ် ၅၂ ဦး၊ အသက် ၅၀ နှင့်အထက် သက်ကြီးရွယ်အို ၂၀ ကျော်နှင့် နာတာရှည်ရောဂါသည်များ ၁၂ ဦးခန့် ရှိနေကြောင်း သိရသည်။
နာတာရှည်ရောဂါသည်များထဲတွင် အသက် ၅၇ နှစ်အရွယ် ဦးအောင်မြင်သည် ထောင်ထဲတွင် ဆေးဝါးကုသမှု လုံလောက်စွာ မရရှိဘဲ မတ်လ ၁၀ ရက်က သေဆုံးခဲ့ရသည်ဟု သိရသည်။
အဆုတ်ရေဝင်ရောဂါခံစားနေရသော ဦးအောင်မြင့်သည် ၂၀၂၁ နိုဝင်ဘာလမှ စတင်၍ အိန္ဒိနိုင်ငံအတွင်း ဆေးကုသမှု ခံယူနိုင်ရန် ဝင်ထွက်သွားလာနေခဲ့ပြီး ၂၀၂၄ ဇန်နဝါရီလတွင် တတိယအကြိမ် ဆေးကုသမှု ခံယူ၍ အပြန်တွင် ဖမ်းဆီးခံရကာ နိုင်ငံခြားသား အက်ဥပဒေဖြင့် တရားစွဲခံရသည်ဟု သိရသည်။
မဏိပူရ်ပြည်နယ် အကျဉ်းထောင်တွင် ရှေ့နေငှားရမ်းခွင့် မရသည့်အပြင် အဆုတ်ရောဂါအတွက်လည်း အကိုက်အခဲ ပျောက်ဆေး သာ ရရှိခဲ့ပြီး ရောဂါဆိုးဝါးလာချိန်မှ အပြင်ဆေးရုံတွင် ကုသရန် ခွင့်ပြုခဲ့ကြောင်း၊ ယင်းနောက် ကုသ၍ မရနိုင်သောအခြေအနေကြောင့် သေဆုံးရသည်ဟု သိရသည်။
အိန္ဒိယနိုင်ငံသည် စစ်ဘေးဒုက္ခသည်များကို ဖမ်းဆီးထောင်ချခြင်း၊ ထောင်တွင်း သေဆုံးစေခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ထောင်ထဲတွင် မီးဖွားစေခြင်း၊ ပညာသင်ယူသူ လူငယ်များကို ထိန်းသိမ်းခြင်းတို့သည် လူ့အခွင့်အရေးကို ထိပါးသော လုပ်ရပ်များဖြစ်သည်ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ ပြည်သူများအကြား ရေရှည်ဆက်ဆံရေးကို အလေးထားကာ မြန်မာစစ်ဘေးရှာင်ဒုက္ခသည်များကို အမြန်ဆုံးလွတ်ပေးရန် တောင်းဆိုထားသည်။