(004SS)
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖားထောင်တွင် ထိန်းသိမ်းခံရသော မြန်မာနိုင်ငံသား ၃၈ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်လိုက်ပြီဟု မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် အဲန်ဘရန်ဆင်းက ဇွန်လ ၁၁ရက်နေ့က X လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
“ဒီနေ့မှာ မြန်မာနိုင်ငံသား ၃၈ ဦးကို သူတို့နိုင်ငံ မြန်မာပြည်သို့ ပို့လိုက်ပြီဖြစ်ပါတယ်။ မိုးရေးမြို့ရှိ ICP ကနေတဆင့် မြန်မာ နိုင်ငံ တာဝန်ရှိသူတွေထံ လုံခြုံချောမွေ့စွာ လွဲပြောင်းပေးအပ်ပြီးဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် အဲန်ဘီရန်းဆင်းက ရေးသားထားသည်။
နေရပ်ပြန်ပို့ခံရသော မြန်မာ ၃၈ ဦးတို့မှာ ကလေးငယ် ၁၀ ဦး၊ အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၂၀ ဦးတို့ဖြစ်ကြောင်း သိရပြီး ဒုတိယအသုတ်အနေဖြင့် မြန်မာပြည်သို့ ပြန်ပို့ခံရခြင်းဖြစ်သည်။
၎င်းတို့ကို အင်ဖားထောင်မှ အိန္ဒိယ – မြန်မာနယ်စပ် မိုးရေးမြို့သို့ မော်တော်ကားဖြင့် ခေါ်ဆောင်သွားပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး နယ်စပ်တံတားမှတဆင့် တမူးမြို့ဘက်သို့လွှဲပြောင်းပေးရာ မြန်မာဘက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီဌာန (လဝက) က လက်ခံခဲ့ကြောင်းသိရသည်။
မဏိပူရ်ပြည်နယ်တွင် အလုပ်လုပ်ကိုင်ရန် ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသားများအပါအဝင် စစ်ဘေးရှောင်ပြည်သူများကို တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိသဖြင့် ဒေသအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်း အင်ဖာထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီး နှင့် ကလေးငယ် ၃၉ ဦး ကို ပထမအသုတ်အဖြစ် မိုးရေးမြို့မှတဆင့် တမူးမြို့ဘက်သို့ လွှဲပြောင်းခဲ့ပြီးဖြစ်သည်။
မဏိပူရ်ပြည်နယ်အစိုးရအနေဖြင့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိပြီး နိုင်ငံ၏ နယ်နိမိတ်များကို လုံခြုံစွာကာကွယ်သွားမည်ဟုလည်း ဝန်ကြီးချုပ်က ရေးသားဖော်ပြထားသည်။ ယခုလက်ရှိ အင်ဖားထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရသော မြန်မာနိုင်ငံသား တစ်ရာကျော်ဆက်လက်ရှိနေသေးကြောင်းသိရသည်။