(005MK)
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာမြို့အကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံနေရသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များအား မီဇိုရမ်ပြည်နယ်ဘက်ကို လွှဲပြောင်းရယူနိုင်မည့်နည်းလမ်းရှာပေးရန် ဗဟိုမီဇိုးလူငယ်အသင်း (CYMA) က မီဇိုရမ်ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုကြောင်းသိရသည်။
CYMA ဥက္ကဌ Pu Lalhmachhuana ဦးဆောင်သော ဗဟိုမီဇိုးလူငယ်အသင်းတာဝန်ရှိသူတချို့သည် မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu K. Sapdanga ကို ယနေ့မနက်ပိုင်းတွင် သွားရောက်တွေ့ဆုံခဲ့ကြရာမှာ မဏိပူရ်ပြည်နယ် အကျဉ်းထောင်ထဲက ဖမ်းဆီးချုပ်နှောင်ခံရသော မြန်မာစစ်ဘေးရှောင်များအရေးကို ထည့်သွင်းတင်ပြခဲ့ကြခြင်း ဖြစ်သည်။
ဗဟိုမီဇိုးလူငယ်အသင်း၏ တင်ပြတောင်းဆိုချက်နှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့်အတူ ဆွေးနွေးတိုင်ပင်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း မီဇိုရမ်ဒေသတွင်းသတင်းဌာနတစ်ခုမှာဖော်ပြထားပါတယ်။
ယခုလက်ရှိ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၅၀ ကျော်ခန့်ရှိ နေသေးပြီး ထောင်ကကျွေးသည့် အဟာရမပြည့်သောအစားအသောက်များစားသောက်ခြင်း၊ သန့်ရှင်းမှုမရှိသော ရေများသောက်သုံးနေရသည့်အတွက်လည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများထိခိုက်ကာ စိတ်ဆင်းရဲမှုများရင်ဆိုင်နေကြရသည်ဟု သိရသည်။
ဗဟိုမီဇိုးလူငယ်အသင်းခေါင်းဆောင်များနှင့် မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးတို့ ယနေ့တွေ့ဆုံမှုတွင် မီဇိုရမ်ပြည် နယ်ထဲက စစ်ဘေးရှောင်စခန်းအသစ်တည်ဆောက်ရေးလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရဿည်။
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များနေထိုင်သောအဆောက်အဦးတစ်ခုသည် အစိုးရက ပြန်လည်အသုံးပြုတော့မည်ဖြစ်သည့်အတွက် စစ်ဘေးရှောင်များနေထိုင်မည့် Relief Camp စစ်ရှောင်စခန်း အသစ် တည်ဆောက်ရန်လိုအပ်သည်ဟု CYMA က ဆိုသည်။
ယင်းစစ်ရှောင်စခန်းအသစ်တည်ဆောက်ရန်အတွက် ကုန်ကျစရိတ်များကို မီဇိုရမ်အစိုးရထံတင်ပြတောင်းဆိုခဲ့ကြပြီး ပြည်ထဲရေးဝန်ကြီးကလည်း အမြန်ဆုံးအကောင်ထည်ဖော်နိုင်ရန် အစည်းအဝေးတစ်ရပ်ခေါ်ယူသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။