(006SV)
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင် ၁ ဦးသည် ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိသောကြောင့် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း India for Myanmar တည်ထောင်သူ ဆလိုင်းဒိုရ်ခါက ပြောသည်။
မဏိပူရ် အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရသည့် အသက် ၅၀ ကျော်အရွယ် ဦးအောင်မင်းသည် နာတာရှည် အဆုပ်ရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးကုသမှု ခံယူရန် လိုအပ်နေကြောင်း ဆလိုင်းဒိုရ်ခါက ပြောသည်။
“ဦးအောင်မင်းဟာ အဆုပ်ထဲမှာ ရေရှိတော့ စုပ်ထုတ်ဖို့ အရေးပေါ် အကူအညီ လိုအပ်နေတာပါ။ အရင်က တည်းကနေ ထုတ်ပေးနေကြလူဆိုတော့ သူက ထောင်ထဲ ရောက်သွားတော့ ပုံမှန် မစုပ်ဖြစ်တော့ သူ တော်တော်လေး ဒုက္ခရောက်နေတဲ့ အခြေအနေလို့ ကျနော်တို့ကို သတင်းပို့လာတာပါ” ဟု ဆလိုင်းဒိုရ်ခါက ပြောသည်။
လာမည့် သောကြာနေ့တွင် ဦးအောင်မင်းကို ခွဲစိတ်ကုသမှုပြုလုပ်ရန် စီစဉ်ထားပြီး ခွဲစိတ်မှု မပြုလုပ်မှီ ကြိုတင်ပြင်ဆင် မှုအနေဖြင့် သောက်သုံးရမည့် ဆေးဝါးများလည်း လိုအပ်နေကြောင်း၊ အကျဉ်းထောင်မှလည်း ဆေးဝါးကူညီထောက်ပံ့မှုများ မရရှိ၍ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
မဏိပူရ်အကျဉ်းထောင်ထဲက စစ်ဘေးရှောင် ဦးအောင်မင်းသည် အိန္ဒိယ၏ နိုင်ငံခြားသားအက်ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထား ရသည့်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယပြည်နယ်ထဲက အကျဉ်းထောင်များအတွင်း ဦးအောင်မင်းကဲ့သို နာတာရှည်ရောဂါများဖြင့် ဆေးဝါးကုသရန် အကူအညီများ လိုအပ်နေသူ ၁၃ ဦးထက်မနည်းရှိကြောင်း India For Myanmar ၏ စာရင်းများအရ သိရသည်။
“သူတို့က ပုံစံမျိုးစုံဖြစ်နေတာပေါ့နော်။ တီဗီရောဂါ၊ အရင်တုန်းက အရိုးတွေ ခွဲစိတ်ဖူးတဲ့ လူကြတော့ အရိုးနာရောဂါဟာမျိုး၊ ပုံစံမျိုးစုံရှိတယ်။ သူတို့က ပုံမှန်ဆေးသောက်နေရတဲ့ လူတွေဖြစ်တယ်။ ထောင်ထဲမှာလည်း လိုအပ်တဲ့ ဆေး ပုံမှန် မရတဲ့အခါ ကြတော့ သူတို့ ရဲ့ အနာရောဂါတွေဟာ ဒုက္ခပေးတယ်ဆိုတဲ့ ပုံစံမျိုးစုံနဲ့တော့ ကြုံနေရတာပေါ့” ဟု ဆလိုင်းဒိုရ်ခါက ပြောသည်။
အကျဉ်းထောင်များအတွင်းက နာတာရှည်ရောဂါခံစားနေရသည့် မြန်မာစစ်ဘေးရှာင်များသည် အပြင်မိသားစုများထံမှ ဆေးဝါးများ မှာယူသောက်သုံးရပြီး တချို့ မိသားစုများအတွက် ဆေးဝါးဝယ်ယူနိုင်ရေးအတွက် ပိုမိုခက်ခဲလာနေကြကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအကျဉ်းထောင်များအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင် အကျဉ်းသား/သူ ၂၀၀ နီးပါး ရှိကြောင်း သိရသည်။