Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»မတူပီမြို့စစ်ဆင်ရေးမှာ ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုနှင့်ပတ်သက်၍ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက်

မတူပီမြို့စစ်ဆင်ရေးမှာ ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုနှင့်ပတ်သက်၍ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက်

0
By Editor on June 20, 2024 Featured

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့က စစ်ကောင်စီတပ်စခန်းများ ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်မှာ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များကို ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် ပူးပေါင်းတပ်ဖွဲ့များက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့က ဇွန်လ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့သည်။

မတူပီမြို့မှာ အခြေစိုက်သော ခြေမြန်တပ်ရင်း ခမရ ၃၀၄ တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့မှာ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် ဇွန်လ ၁၈ ရက်နေ့တွင် ခလရ ၁၄၀ တပ်ရင်းကို ဆက်သိမ်းရန်လုပ်ဆောင်နေစဉ်မှာ CNF/CNA နှင့် ချင်းပူးပေါင်းတပ်တို့က ၎င်းတို့ကို အလစ်ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းညီနောင်၏ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်အသေးစိတ်အခြေအနေနှင့် ချင်းပြည်၏စစ်ရေးအခြေအနေများ သိရှိနိုင်ရန် ချင်းအမျိုးသား တပ်ဦး CNF/CNA ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး။ မနေ့က ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ချက် တစ်စောင်ထုတ်ထားပါတယ်။ ချင်းအမျိုးသားတပ်ဦးနှင့် ပူးပေါင်းတပ် ဖွဲ့တွေက သူတို့ မတူပီစစ်ဆင်ရေးလုပ်တဲ့အခါမှာ အနောက်ကနေ အလစ်ဝင်တိုက်တယ်ဆိုပြီး ပြောထားပါတယ်။ ဘယ်လိုဖြစ်ရတာပါလဲ? အဲဒီအခြေအနေလေးကို ရှင်းပြပေးလို့ရမလား?

ဖြေ။ ဟုတ်ကဲ့၊ မတူပီမြို့ပေါ်မှာရှိတဲ့ ၃၀၄ နှင့် ၁၄၀ ပေါ့၊ ၁၄၀ က ဗျူဟာနှင့် ပေါင်းထားတယ်။ စစ်ဆင်ရေး လုပ်ဖို့ ကျွန်တော်တို့ ပြင်ဆင်တယ်။ အဲဒီမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF-မတူပီ တပ်မဟာ ၂ နဲ့ ကျနော်တို့နဲ့စစ်ဆင် ရေးလုပ်ဖို့ပြင်ထားတာဖြစ်ပါတယ်။ ၁၄၀ နှင့် ဗျူဟာကုန်းကို CDF မတူပီတပ်မဟာ ၂ နှင့် ချင်းလဲန်းကောင်စီတပ်ဖွဲ့က သိမ်းဖို့၊ ၃၀၄ ကို AA (ချင်းညီနောင်) ဦးဆောင်တဲ့ အဖွဲ့သိမ်းဖို့ဆိုပြီးတော့ ညှိနှိူင်းချက်ကို ဧပြီ ၂၆ မှာ ညှိကြတယ်။ အဲဒါနဲ့တစ်ဆက်တည်း မှာပဲ ကျွန်တော်တို့ တပ်မဟာ ၂ မတူပီဘက်က အဲဒီ ၁၄၀ နှင့် ဗျူဟာကုန်းကို သိမ်းဖို့ အဲဒီမှာ အနီးစပ်ဆုံးဖြစ်တဲ့ ဗျူဟာ ခရိုင်ရုံးမှာရှိတဲ့ ကောင်စီတပ်တွေကို အရင်သိမ်းမယ်ပေါ့၊ အဲမှာ AA ဦးဆောင်တဲ့ အဖွဲ့တွေက ၃၀၄ ကို တိုက်တယ်၊ တိုက်ပြီးတော့မှ သူတို့ နယ်မြေရှင်းလင်းရေးအပြီးအစီးမလုပ်ခင်မှာ ကျွန်တော်တို့နှင့် ၁၄၀ တပ်ရင်း ကြားထဲမှာ ဝင်လာပြီးတော့ နေရာယူကြတယ်။ ၁၄၀ တပ်ရင်းကို ကျွန်တော်တို့ သိမ်းဖို့ပြင်ဆင်နေတဲ့ အချိန်မှာ နာရီပိုင်း အတွင်းမှာ အဲသလိုလာပြီးတော့ နှောက်ယှက်ပြီးတော့ ၁၄၀ တပ်ရင်းကိုပစ်တယ်။ အဲဒီမှာ ရွာသားတွေက ပိတ်မိနေတဲ့ ဟာရှိတယ်၊ ကျွန်တော်တို့ကို အကူအညီလာတောင်းတော့ ကျွန်တော်တို့က ကားတစ်စီးနဲ့ သွားကြိုတယ်။ ကျွန်တော်တို့ရဲ့ ကားနဲ့ ကားသမားကိုပါ ဖမ်းဆီးလိုက်တယ်။ အဲဒါနဲ့ ကျွန်တော်တို့က နေရာဖယ်ပေးဖို့ ကျွန်တော်တို့ ဝင်လာတော့မယ် လုပ်တော့ အဲဒါနဲ့ အပစ်အခတ် ဖြစ်ကြတယ်။ အဓိကကတော့ ကျွန်တော်တို့ မတူပီမြို့ထဲမဝင်နိုင်အောင် ၁၄၀ ကိုပါ သူတို့က သိမ်းချင်တဲ့လုပ်ရပ်တွေ၊ ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်တို့ကို လုပ်သွားတယ်လို့ ကျွန်တော်တို့ကတော့ မြင်တယ်ပေါ့နော်။

မေး။ ဘယ်လိုကြောင့် ပစ်ခတ်မှု ဖြစ်သွားတာလဲ။

ဖြေ။ ကျွန်တော်တို့ လူကိုဖမ်းတယ်။ အဲဒါနဲ့ ဘာဖြစ်လို့ ကျွန်တော်တို့တိုက်မယ့်ဟာကို လမ်းပိတ်တာလဲ၊ ဖယ်ပေးပါဆိုတာကို သူတို့ မဖယ်ပေးချင်ဘူး။ မဖယ်ပေးချင်လို့ နှစ်ဘက် ပစ်ခတ်မှုဖြစ်တယ်။ အမှန်ဆိုရင်တော့ သူတို့ကို လုံးဝ ကျွန်တော်တို့ မပစ်ချင်ဘူး။ ကျွန်တော်တို့က ၁၄၀ တပ်ရင်းကို ဦးတည်ပြီးတိုက်ဖို့လုပ်တဲ့ဟာ သူတို့က မနာခံဘူးပေါ့။ အဲဒီလို၊ သူတို့က ညှိထားတဲ့ဟာကို ချိုးဖောက်တာ။

မေး။ ၃၀၄ တပ်ရင်းကို ချင်းညီနောင်ဘက်ကသိမ်းမယ်၊ ၁၄၀ တပ်ရင်းကို ချင်းလဲန်းကောင်စီဘက်က သိမ်းမယ်ဆိုပြီးတော့ သဘောတူထားတာကို ချင်းညီနောင်ဘက်က ချိုးဖောက်တယ်ဆိုတဲ့သဘောလား?

ဖြေ။ ဟုတ်တယ်။ ကျွန်တော်တို့ကို မပစ်နိုင်အောင်ဆိုပြီးတော့ ကျွန်တော်တို့ စစ်ကြောင်းထိုးမဲ့လမ်းမှာ သူတို့က လာပြီးပိတ်ထားတာ။ အဲဒီလို။ ကျွန်တော်တို့ ဟားခါး၊ မတူပီ လမ်းကြောင်းကနေ ခရိုင်၊ ခရိုင်ရုံးကနေ ၁၄၀ တပ်ရင်းဘက်သိမ်းဖို့ အဲဒီလိုလုပ်တဲ့ဟာကို သူတို့က တမင်သက်သက် လာပိတ်တာဖြစ်တယ်။

မေး။ လက်ရှိမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားသေးလား၊ အခြေအနေလေး ပြောပေးပါအုံး။

ဖြေ။ ဒီနေ့မနက်ပိုင်းကတော့ ကျွန်တော်တို့ အောက်ခြေမြေပြင်သတင်းကတော့ မရသေးဘူး။ ဆိုတော့ ကျွန်တော်တို့ ဘာမှမသိရသေးဘူးပေါ့နော်။

မေး။ မတူပီမြို့က ၃၀၄ ကို ယမန်နေ့က ချင်းညီနောင်က သိမ်းလိုက်ပြီလို့သိရပါတယ်။ ဆိုတော့ အခု ၁၄၀ရဲ့ ဗျူဟာကုန်းကို သိမ်းမယ့်အခြေအနေကကော ဘယ်လိုရှိလဲ?

ဖြေ။ ကျွန်တော်တို့ကတော့ အဲဒီဟာကို target လုပ်နေတာဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ ဆက်လုပ်စရာရှိတာကို ဆက်လုပ်သွားမယ်ပေါ့နော်။ ဘယ်တော့မှ ကျွန်တော်တိုက စွန့်မှာမဟုတ်ပါဘူး။ မဖယ်ပေးလည်း ကျွန်တော်တို့ လုပ်စရာ ရှိတာ ဆက်လုပ်မှာပဲပေါ့နော်။ အဓိကကတော့ ကျွန်တော်တို့ ဘာဖြစ်လို့ အဲဒီလိုလုပ်တာလဲဆိုရင် ပြည်သူလူထု ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ချင်တာ။ အမှန်တော့ ၃၀၄ နဲ့ ၁၄၀ ဆိုတာ မတူပီမြို့အစွန်အဖျားမှာ နည်းနည်းကျတယ်။ ၃၀၄ နဲ့ ၁၄၀ က ၃ မိုင်လောက်ဝေးတယ်၊ သူတို့က ၃၀၄ ကို ပစ်မယ်ဆိုပြီးတော့ မြို့ထဲမှာ အကုန်လုံးနေရာယူကြတာ။ ပြည်သူလူ ထုရဲ့ အိုးအိမ်စည်းစိမ်ကို ဂျက်ဖိုက်တာနဲ့ ကြိုက်သလိုလာပစ်တော့တာ။ ပြည်သူ့ဆေးရုံလဲ လုံးလုံးပျက်ဆီးသွားတဲ့အထိ ဖြစ်တာ။ ကျွန်တော်တို့က ကိုယ့်ပြည်သူကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင်ဆိုပြီးတော့မှ စခန်းသိမ်းတာကို လုပ်လေ့ရှိတယ်။ ကျွန်တော်တို့မှာ လိုင်လင်းပီတို့၊ ရေဇွာတို့၊ ရိတို့၊ တွန်ဇံတို့ ပြီးတော့ သိုင်ငဲင်းတို့ အဲဒီလို သိမ်းတဲ့အခါမှာ ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်လေ့ရှိတယ်။ အဲဒါတော့ ပြည်သူလူထုအားလုံး အသိဖြစ်မှာပါ။

မေး။ အခုလိုမျိုး ချင်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းကြား ပစ်ခတ်မှုတွေရှိတော့ ချင်းပြည်သူတွေက စိုးရိမ်ပူပန်နေ ကြတယ်။ ဆိုတော့ဒီကိစ္စကို ဆက်လက်မဖြစ်ပွားအောင် ဘယ်လို ကိုင်တွယ်သင့်လဲပေါ့နော်၊ ဘာများပြောချင်လဲဗျ။

ဖြေ။ ပြည်သူတွေအနေနဲ့ တရားခံက ဘယ်သူလဲဆိုတာကို သိဖို့၊ စိစစ်ဖို့ လိုပါလိမ့်မယ်။ ချင်းလဲန်းကောင်စီဆိုပြီးတော့ အဲဒီမှာ ရှိနေတဲ့ ချင်းတပ်မတော်၊ ကာကွယ်ရေးတပ်ဖွဲ့တွေက ချင်းပြည်အတွင်းမှာ သူများနယ်မြေ၊ သူများပြည်နယ်ကို သွားပြီးတော့ မထိန်းချုပ်ဘူး၊ အကူအညီလာတောင်းရင်တော့ အဲဒီလိုလုပ်တာရှိတယ်၊ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ကြတာဖြစ် တယ်။ အဓိကတော့ AA ကို သွားခေါ်ကြတယ်။ အဲဒါ ပထမဆုံးအမှား၊ ကျနော်တို့ CNA အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအားလုံး ချင်းပြည်ကို ကိုယ့်ဟာကို မသိမ်းနိုင်စရာအကြောင်းမရှိဘူး။ ကောင်းကောင်းကို ကျွန်တော်တို့ သိမ်းနိုင် တယ်။ AA အနေနဲ့ အဲဒီလိုမျိုး စစ်ကောင်စီစခန်းကို သိမ်းချင်သပ ဆိုရင် ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီစခန်းတွေ မသိမ်းနိုင်သေးတာ အများကြီးရှိပါတယ်။ ဆိုတော့ တပ်ကို ပြန်ရုတ်သိမ်းပြီးတော့မှ ရခိုင်ပြည်နယ်ကို စစ်ခွေးတွေ ကင်းစင်အောင် သွားလုပ်ပါ။ အဲဒါကတော့ ရှင်းရှင်းလင်းလင်းနဲ့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ CNA ရယ်၊ CDF တွေရယ် ဒီညီနောင် ၆ ဖွဲ့ဆိုတဲ့ဟာတွေကတော့ ညှိနှိုင်းဖို့ လုံးဝလုပ်လို့ရတဲ့ဟာတွေဖြစ်တယ်၊ ဘာမှမခက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဒေသ၊ ကိုယ့်ပြည် ချင်းလဲန်းစစ်ရေးအခြေအနေကတော့ ကျွန်တော်တို့ ကိုယ့်ဟာကို လုပ်သွားတာက အကောင်းဆုံးဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.