(006SV)
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့တွင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်နှင့် ချင်းညီနောင် မဟာမိတ် ပူးပေါင်းတပ် တို့ကြား ရက်ပေါင်း ၂၀ အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ချင်းညီနောင်က ယနေ့မှာ သတင်းထုတ်ပြန်သည်။
မတူပီတွင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်များနှင့် ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်တို့သည် ဇွန်လ ၁၈ ရက်မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယန့ ဇူလိုင် ၇ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား နေကြောင်း ချင်းညီနောင်က ဇူလိုင်လ ၇ ရက်မှာ သတင်းထုတ်ပြန်သည်။
“အခုလိုမျိုး စကစ (စစ်ကောင်စီ) ကို တော်လှန်နေတဲ့ သူအချင်းချင်း ပစ်ခတ်တာကို CNA နှင့် ပူးပေါင်းတပ်တွေက ရပ်တန့် သင့်ပါတယ်။ အခုက ကျနော်တို့က ကာပစ် အနေထားနဲ့ဘဲ ဆက်သွားနေပါတယ်။ ကျန် CB Area (ချင်းညီနောင် အားကောင်း သော မြို့နယ်များ) တွေထဲက စကစ ကို အဓိကထားတိုက်ခိုက်ဖို့ လုပ်နေတာဆိုတော့ ပြန်ကာပစ်တာဘဲ လုပ်သေးတယ်။ CNA နှင့် ပူးပေါင်း တပ်တွေက ဆက်လက် ပစ်ခတ်လာရင် စစ်ရေးက ပိုပြင်းထန်လာနိုင်ပါတယ်” ဟု CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် ချင်းညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Boi Uk က ပြောသည်။
CNF/ CNA ဦးဆောင်သော ချင်းပူးပေါင်းတပ်ဖွဲ့များသည် မတူပီမြို့သိမ်း စစ်ဆင်ရေးဟု ဆို၍ စစ်အင်အား ဖြည့်တင်၍ ဆက်လက်အခြေချနေပြီး မတူပီမြို့သိမ်းစစ်ဆင်ရေးအတွက် ရန်ပုံငွေများ ဆက်လက်ရှာဖွေနေကြောင်း၊ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များကို ဆက်လက်၍ ခြုံခိုပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ချင်းညီနောင်က သတင်းထုတ်ပြန်သည်။
ထိုးစစ်ဆင်ပစ်ခတ်မှုနှင့် ခြုံခိုတိုက်ခိုက်မှုကို ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်က ၈ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ဒရုန်းဖြင့် လာရောက်တိုက်ခိုက်မှု ဗုံး ၃၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ရက်စွဲ၊ အချိန်နာရီများနှင့်တကွ ထုတ်ပြန်သည်။
မတူပီတွင် ချင်းအချင်းချင်းကြား ဇွန်လ ၂၄ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ချင်းတော်လှန်ရေးရဲဘော် ၆ ဦးထက်မနည်း ကျဆုံးခဲ့ရပြီး ထပ်မံဖြစ်ပွားသော တိုက်ပွဲများတွင် ထိခိုက်ကျဆုံးမှုများကို မသိရပေ။
မတူပီမြို့တွင် အင်အားအလုံးအရင်း ရှိသော အာရက္ခတပ်တော် ULA/AA နှင့် ချင်းလဲန်းကောင်စီပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ချင်းလဲန်းကောင်စီမှ ပြောရေးဆိုခွင့်ရှိသူများက ခိုနူမ်းသုန်ကိုဖြေကြားထားသည်။
မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ အာရက္ခတပ်တော် (AA/ULA)၊ Yaw- PDF နှင့် Yaw Army တို့က ပူးပေါင်း၍ ဇွန်လ ၉ ရက်မှ စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၉ ရက်က အပြီးသတ် သိမ်းနိုင်ခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီ ကင်းစင်ရေး စစ်ရေးရည်မှန်းချက်ကို ချင်းညီနောင်အဖွဲ့က ချမှတ်ထားကြောင်း သိရသည်။
ချင်းပြည်လွတ်မြောက်ရေးအတွက် ချင်းညီနောင် စစ်ဆင်ရေးတွင် ပူးပေါင်းပါဝင်ပေးသော မဟာမိတ်တပ်ဖွဲ့များကို ချင်းလူထုကိုယ်စား ကျေးဇူးအထူးတင်လျက်ရှိပြီး ချင်းပြည်မှာ စစ်ကောင်စီ အလုံးစုံ ကင်းစင်ရေးအတွက် မဟာမိတ်အင်အားစုများနှင့်အတူ ပူးပေါင်းလက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။