(004SS)
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ပေါ် တွင် စစ်ဘေးရှောင်ရာမှ နေရပ်ကိုပြန်လည်နေထိုင်သော CDM ကျောင်းဆရာမ တစ်ဦးသည် ယနေ့မနက်ပိုင်းတွင် ၎င်း၏နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ကြသည်ဟု သိရသည်။
သေဆုံးသူမှာ မတူပီမြို့ပေါ်၊ ရှစ်လမ်းဆုံရှိ မန်ဒီးဧည့်ရိပ်သာပိုင်ရှင်၏ သမီး၊ အသက် ၄၆ နှစ်အရွယ် ဒေါ်-တလန်ဒိန်း (Pi Tlang Ding)ဖြစ်ပြီး နေအိမ်တွင်သေဆုံးနေသည်ကို ယနေ့မနက်ပိုင်းက တွေ့ရှိခဲ့ကြသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။
“ဒီမနက် သွားနှိုးတဲ့အခါမှာ အသက်မရှိတော့ဘူးလို့ ပြောတာပဲ၊ ဒါပေမဲ့ သူ့မှာ ဒါဏ်ရာရရှိတာမျိုးတော့ ဘာမှမတွေ့ဘူးလို့ ပြောတယ်။ သူတို့ အဓိကထင်တာကတော့ သူ့မှာ သွေးတိုးအခံရှိတော့ သွေးတိုးကြောင့်ပဲ ဆုံးသွားတာဖြစ်မယ်လို့ပဲ ထင်ကြတယ်” ဟု မတူပီဒေသခံတစ်ဦးကပြောသည်။
မတူပီမြို့ အ.ထ.က (၁) ကျောင်းမှာ အလယ်တန်းပြကျောင်းဆရာမတစ်ဦးဖြစ်သော ဒေါ်-တလန်ဒိန်းသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်မှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်ခဲ့သူဖြစ်သည်။
မတူပီမြို့သိမ်းတိုက်ပွဲကြောင့် နီးစပ်ရာ ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်ခဲ့ပြီးနောက် ယခုနှစ် ဩဂုတ်လကုန်ပိုင်းတွင် မတူပီမြို့သို့ ပြန်လည်နေထိုင်ခဲ့သူဖြစ်သည်ဟု သိရသည်။
မတူပီမြို့ကို ချင်းညီနောင်နှင့် အာရက္ခတပ်တော် AA အပါအဝင် အခြားသော မဟာမိတ်တပ်ဖွဲ့များက ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က အပြီးသတ် သိမ်းပိုက်ခဲ့ကြသည်။
မတူပီမြို့နယ်တွင် စစ်ကောင်စီကင်းစင်သွားပြီဖြစ်သော်လည်း စစ်ဘေးတိမ်းရှောင်ကြသည့် ဒေသခံပြည်သူအများစုကတော့ နေရပ်မပြန်နိုင်ကြသေးကြောင်း သိရသည်။