(003PT)
ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယနေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အမျိုးသမီးတစ်ဦးအပါအ၀င် အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။
မတူပီ-ပလက်၀လမ်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ထယ်ဘွေ့တပ်စခန်းကို ယနေ့မနက်ပိုင်းတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က အထိနာနေသည့်အတွက် မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူခဲ့ခြင်းဖြစ်သည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထယ်ဘွေ့စခန်းနှင့် ၃ မိုင်ခန့်အကွာတွင်ရှိသော ဗန်ကိုင်းကျေးရွာထဲက အမျိုး သမီးတစ်ဦးအပါအ၀◌င် အရပ်သား ၄ ဦးသေဆုံးကာ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာနှင့် အရေးပေါ်ကုသမှုခံယူနေကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာ၀န်ခံ ဆလိုင်းပါထောင်းက ပြောသည်။
“ကနဦးသိထားတာကတော့ သုံးကြိမ် ဗုံးကတော့ကြဲထားတယ်။ ထေဘွေးမှာ တစ်ကြိမ်၊ ပြီးတော့ လေဆင်းမှာ တစ်ကြိမ်၊ ပြီးတော့ ဗန်ကိုင်းမှာ တစ်ကြိမ်ပေါ့။ ပွဲချင်းသေဆုံးတာကတော့ ၂ ဦးပေါ့နော်၊ ဒဏ်ရာရတာက ၃ ဦး၊ အဲ့ထဲက နှစ်ဦးက ပြန်ပြီးဆုံးသွားတော့ သေဆုံးသူက လေးဦးဖြစ်သွားတယ်။ အကုန်လုံးကတော့ ဗန်ကိုင်းရွာက ပြည်သူတွေပါပဲ” မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာ၀န်ခံ ဆလိုင်းပါထောင်းက ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ အသက် ၇၈ နှစ်အရွယ်ရှိ ဦး Len Law ၊ အသက် ၅၂ နှစ်အရွယ်ရှိ ဦး Chang Sai နှင့် အသက် ၅၅ နှစ်အရွယ် ဒေါ် La Khup ဟုသိရပြီး ကျန်တစ်ဦးမှာ ဆက်သွယ်ရေးအခက်ခဲကြောင့် မည်သူမည်ဝါဖြစ်ကြောင်း မသိနိုင်သေးဟု ဆိုသည်။
ထယ်ဘွေ့ကျေးရွာရှိ ပြည်သူများမှာ တိုက်ပွဲမဖြစ်ခင်က ကြိုတင် ထွက်ဘေးတိမ်းရှောင်ခဲ့ကြသည့်အတွက် ထိခိုက်ဒဏ်ရာရှိသူမရှိကြောင်း၊ လေဆင်းကျေးရွာမှာလည်း အထက စာသင်ကျောင်းအနီးတစ်ဝိုက်တွင် ဗုံးကျပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူထိခိုက်မှု မရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် မတူပီမြို့နယ် ဝေလူးကျေးရွာကို မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောင်းသား ကလေးငယ် ၈ ဦး၊ CDF ကျောင်းဆရာ ၁ ဦး အပါအ၀င် စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။