(06SV)
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မတူပီ-ဟားခါးလမ်းမကြီးမှာ မြေပြိုမှုများ ဆိုးဝါးစွာ ဖြစ်ပွားနေ၍ ပြည်သူများ ခရီးသွားလာခြင်း မပြုလုပ်ကြရန် CDF- မတူပီက သတင်းထုတ်ပြန်သည်။
ဩဂုတ်လအတွင်း မတူပီမြို့နယ်တွင် အဆက်မပြတ် မိုးရွာသွန်းမှုများကြောင့် မတူပီ-ဟားခါး လမ်မကြီးပေါ်ရှိ လုံလှော်- ဇကမ်းကားလမ်းပိုင်းမှာ မြေပြို၍ အများအပြား ပျက်စီးနေပြီး ကား၊ ဆိုင်ကယ်စသည့် ယာဉ်အမျိုးမျိုး ဖြတ်သန်းသွားလာမှု မရနိုင်တော့ကြောင်း CDF -မတူပီ၊ သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက ပြောသည်။
“မိုးတွင်း ဒီလအတွင်းမှာ တောက်လျှောက်မိုးရွာတော့ အဲဒီလမ်းပိုင်းက တချို့နေရာတွေက အကုန်လုံးနီးပါး ပျက်စီးသွားတယ်။ ပြုပြင်လို့ ရတဲ့ လမ်းတွေကိုတော့ ပြုပြင်ပေးလို့ ရတယ်။ ဒါပေမဲ့ အခုလိုမျိုး လမ်းတွေ အကုန်လုံး ပျက်နေတဲ့အရာတွေကို ကျနော်တို့ အင်အားနဲ့က မမျှတဘူး။ အချိန်မီပြုပြင်ပေးဖို့က နောက်ကျလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုပြန်လုပ်မလဲဆိုတာ ပြည်သူတွေကို အသိပေးမယ်။ အကူအညီတောင်းတာတွေလည်း ရှိဦးမှာပါ” ဟု သူက ပြောသည်။
ထို့ကြောင့် အလွန်ဆိုးရွားသော မြေပြိုမှုနေရာများကို ခရီးသွားလာခြင်း မပြုလုပ်ကြရန်၊ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ပြည်သူများကို CDF မတူပီက အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။
မတူပီမြို့နယ်က ခရီးသွားပြည်သူများသည် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်မှု အခက်အခဲတွေ ကြုံတွေ့နေရပြီး မြို့ပေါ်ကို အခြေခံစားနပ်ရိက္ခာကုန်စည်များ သယ်ယူပို့ဆောင်ရန် ပိုမိုခက်ခဲသွားစေသည်ဟု သိရသည်။
မတူပီမြို့သို့ လမ်းပန်းဆက်သွယ်မှုအတွက် မတူပီ – ဟားခါးလမ်းနှင့် မတူပီ – မင်းတပ်လမ်းကိုသာ အသုံးပြုရသည်ဖြစ်ရာ မင်းတပ်-မတူပီ လမ်းပိုင်းမှာလည်း စစ်ကောင်စီ မကြာခဏ စစ်ကြောင်းထိုးမှုကြောင့် အများပြည်သူ အသုံးပြုမှု နည်းပါးသည်။
ဩဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အထိ ချင်းပြည်နယ်တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည့် အနေအထားရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာက ထုတ်ပြန်ထားသည်။