(006SV)
ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့တို့ ပြန်လည်သင့်မြတ်နိုင်ရေးအတွက် ရပ်မိရပ်ဖများက ညှိနှိုင်းပေးနေရာ သဘောတူညီချက် ၈ ချက် ရရှိခဲ့ကြောင်းသိရသည်။
မတူပီတော်လှန်ရေးအဖွဲ့ချုပ်- MRO/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ၊ CDF – မတူပီ၊ တပ်မဟာ ၂ နှင့် Matu Chin Ministry Fellowship (MCMF) ငြိမ်းချမ်းရေးကော်မတီ ရပ်မိရပ်ဖတို့သည် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီးနောက် အချက် ၈ ချက်ကို မေလ ၁၀ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
မတူပီမြို့နယ်အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူနှင့် ပတ်သက်သော ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ အုပ်ချုပ်ရေးဆိုင်ရာများကို လွတ်လပ်စွာ သွားလာခွင့်ပြုမည်၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းကို ခိုင်ခံ့တည်မြဲရေးအတွက် ကော်မတီ တရပ်ဖွဲ့စည်းမည်ဟု သိရည်။
ပြည်သူလူထုတို့ မိမိနေရာ၊ ရပ်ရွာဒေသကို လွတ်လပ်စွာ သွားလာခွင့်၊ နေထိုင်ခွင့် ပြုမည်ဖြစ်ပြီး ငလိုင်ကျေးရွာ၏ မိုင်းများကို နှစ်ဦးနှစ်ဖက် ပူးပေါင်းဆွေးနွေး၍ ဇွန်လ ၁၀ ရက် နောက်ဆုံးထားကာ မိုင်းရှင်းလင်းရန်နှင့် လူထုဝင်ရောက် နေထိုင်နိုင်ရေးဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။
NGO၊ INGO များက စစ်ဘေးဘေးရှောင် (IDP) များ ထောက်ပံ့ခြင်းကို လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဖြစ်ပြီး အရပ်သားပြည်သူများကို အတားအဆီး မရှိ လွတ်လပ်စွာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ Non – CDM နှင့် ဒလန်းများကို ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
လက်နက်ဖြင့် အချင်းချင်း ပစ်ခတ်တုန့်ပြန်ခြင်းကို မပြလုပ်ရန်နှင့် နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးကို လိုလားကြောင်း သဘောတူခဲ့ကြပြီး နှစ်ဖက်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ရန် ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ အချင်းချင်း လေးစွားစွာ ဆောင်ရွက်သွားမည်ဟု သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။
နှစ်ဖက်အင်အားစုများအကြား လူမျိုးရေး၊ ပုဂ္ဂိုလ်ရေး ထိပါးစေသော အသုံးအနှုန်း အပြောအဆိုများ ရှောင်ရှားကြမည်ဟု သိရသည်။
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ -မတူပီသည် နိုင်ငံရေးနှင့် စစ်ရေး သဘောထား ကွဲလွဲမှုကြောင့် ၂၀၂၄ ခုနှစ် မတ်လက CDF – မတူပီ၊ တပ်မဟာ – ၁ နှင့် CDF – မတူပီ၊ တပ်မဟာ – ၂ ဟူ၍ ကွဲသွားပြီး မတူပီမြို့သိမ်းတိုက်ပွဲတွင် အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုအထိ ဖြစ်ပွားခဲ့ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှု ရှိခဲ့သည်။