(006SV)
ချင်းပြည်နယ်၊ မရာဒေသအတွင်းရှိ မရာနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့ရုံးကို ရည်ရွယ်ချက် ရှိရှိဖြင့် ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက် သောကြောင့် ထိခိုက်ပျက်စီးမှုများရှိသည်ဟု မရာနှစ်ခြင်း ခရစ်ယာန်နယ်အဖွဲ့က ထုတ်ပြန်သည်။
ဩဂုတ်လ ၂၀ ရက် ည ၈ နာရီခန့်က မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) နှင့် အပေါင်းအပါတို့သည် ရည်ရွယ်ချက် ရှိရှိဖြင့် မရာနှစ်ခြင်း ခရစ်ယာန်နယ်အဖွဲ့ ရုံးဝင်းအတွင်းကို ဒရုန်းဖြင့် ဗုံးကြဲချသည်ဟု မရာနှစ်ခြင်း ခရစ်ယာန် နယ်အဖွဲ့က ဩဂုတ်လ ၂၁ ရက်မှာ ထုတ်ပြန်သည်။
ဒရုန်းတိုက်ခိုက်မှုကြောင့် မရာနှစ်ခြင်း ခရစ်ယာန် နယ်အဖွဲ့၊ အမျိုးသမီးဌာန အတွင်းရေးမှူးနေအိမ်ကို ထိခိုက်၍ ပျက်စီးသွားသည်ဟု သိရသည်။
ခရစ်တော် ယုံကြည်သူဖြစ်လျက် သာသနာအဆောက်အအုံကို ဖျက်ဆီးခြင်းအပေါ် ဝမ်းနည်းကြောင်း၊ ယင်းသို့ တိုက်ခိုက်ဖျက်စီး ခြင်းကြောင့် အထူးဝမ်းနည်းကြောင်းနှင့် ဆုတောင်းခြင်းဖြင့် ကူညီအားပေးကြပါရန် ထုတ်ပြန်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်မေးမြန်းသော်လည်း မရသေးပါ။
မည်သည့်အဖွဲ့အစည်းမဆို ဘာသာရေး အဆောက်အအုံများကို တိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ကြရန် မရာနှစ်ခြင်း ခရစ်ယာန် နယ်အဖွဲ့က တောင်းဆိုးထားသည်။
မရာနှစ်ခြင်း ခရစ်ယာန်နယ်အဖွဲ့သည် ခရစ်တော်၏ ကယ်တင်ခြင်းတရား ပြန့်ပွားရန်နှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတရားကို လူတိုင်းသိရှိ နားလည် လက်ခံရန် အမှုတော်မြတ်ကို ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်ဟု ယင်းအဖွဲ့ကထုတ်ပြန်သည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ မရာဒေသ Ngaphaipi မှာ မရာနှစ်ခြင်း ခရစ်ယာန်နယ်အဖွဲ့ကို အခြေစိုက် တည်ထောင်ထား သည်ဟု သိရသည်။