မေလလယ်မှ ဇွန်လအထိ သားငှက်တိရစ္ဆာများကို သတ်ဖြတ်၊ အမဲလိုက်ခြင်း ကန့်သတ်ထား
(006SV)
ချင်းပြည်နယ်၊ မရာနယ်မြေက ကျေးရွာနှင့်ဒေသအတွင်းမှာ စိုက်ပျိုးရေးသုံး အဆိပ်ပါဓါတုဆေးဝါးများ အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်းတို့ကို မေလ ၁၃ ရက်မှစတင်၍ လုံးဝ တားမြစ်လိုက်ကြောင်း မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီက ယမန်နေ့က ကြေညာသည်။
မရာနယ်မြေအတွင်း ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ရေမြေသယံဇာတများ ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အဆိပ်ဓါတုဆေးဝါးများ ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို လုံးဝ တားမြစ်သည့် အမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
တားမြစ်ချက်ကို သိရှိလိုက်နာကြရန်နှင့် ဖောက်ဖျက်ကျူးလွန်သူ မည်သူမဆို သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဟု အသိပေးထားသည်။
ဒေသခံပြည်သူများအနေဖြင့်လည်း စိုက်ပျိုးရေး ဓါတုဆေးဝါး တားမြစ်ချက်များကို ပူးပေါင်းကူညီ၍ လိုက်နာဆောင်ရွက်ပေးကြပါရန် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက မေတ္တာရပ်ခံသည်။
မရာနယ်မြေမှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အဆိပ်ပါ ဓါတုဆေးဝါးများ အသုံးပြုမှုကြောင့် ဒေသခံလူထု၏ ကျန်းမာရေး ထိခိုက်မှု၊ မြေဆီလွှာ ပျက်စီးမှု၊ သောက်သုံးရေး အဆိပ်သင့်မှု၊ မွေးမြူရေး တိရစ္ဆာန်များ သေဆုံးမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်ပေါ်လာနေကြောင်း တွေ့ရှိရသည်ဟု ကြေညာချက်မှာ ဖော်ပြထားသည်။
အဆိုပါ ဓါတုဆေးဝါးများသည် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအပေါ် ဆိုးရွားသော ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် ရေရှည်မှာ ဒေသခံလူထု၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာနိုင်သည်ဟု ဆိုသည်။
ဧပြီလ ၁၀ ရက်မှ ဇွန်လကုန်အထိလည်း မရာနယ်မြေထဲမှာ ငှက်မျိုးစုံနှင့် တောရိုင်းတိရစ္ဆာန်များ သားပေါက်ရာသီကာလဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် ငှက်ပစ်ခြင်း၊ ဖမ်းဆီးခြင်း၊ အမဲလိုက်ခြင်း၊ မြစ်/ချောင်းများတွင် ရှော့တိုက်ငါးဖမ်းခြင်း၊ ဓါတုဆေးဝါးများ အသုံးပြု၍ ငါးဖမ်းခြင်းနှင့် မိုင်းခွဲငါးဖမ်းခြင်းတို့ကို လုံးဝ တားမြစ်ကြောင်း ထုတ်ပြန်ထားသည်။
သစ်ခွပန်း အမျိုးမျိုး၊ ပန်းရိုး၊ ကြောင်မြစ်၊ သဇင်ဥကဲ့သို့ အဖိုးတန်သစ်ခွ အမျိုးမျိုးတို့ကိုလည်း လုံးဝ ခူးယူ/ ထုတ်ယူ ရောင်းချခွင့်တို့ကိုလည်း အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်ကြောင်း ထုတ်ပြန်သည်။
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) သည် မရာနယ်မြေတွင် လိုင်လင်းပီမြို့အပါအဝင် ကျေးရွာနှင့် ဒေသအများစုကို သိမ်းပိုက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရားများနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု သိရသည်။

