(006SV)
မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC) ၏ ဌာနအသီးသီးနှင့် တိုက်နယ်ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် ရက်က ကျင်းပသော အစည်းအဝေးတွင် မရာနယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို အထူးအဆိုပြု တင်သွင်းခဲ့ကြပြီး အလေးအနက်ထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် ကောင်စီအစည်းအဝေးတွင် မရာနယ်မြေ တည်ငြိမ်အေးချမ်းရေးအပါအဝင် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးနှင့် အခြားအရေးကြီး အဆိုပေါင်း (၃၂) ခုကို ကိုယ်စားလှယ် အသီးသီးမှ တင်သွင်းခဲ့ပြီး အကြေအလည် ဆွေးနွေးခဲ့ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။
စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်မှုများတွင် စစ်ရေးဆိုင်ရာ အကူအညီများ ပေးသည့် ရက္ခိုင့်တပ်တော် (AA) အပါအဝင် MTC/ MDF တို့နှင့် အကျပ်အတည်းကာလတွင် အတူတကွ ရပ်တည်ပေးခဲ့သည့် CNC/ CDF – မင်းတပ်နှင့် ချင်းညီနောင်တို့ကို အထူးကျေးဇူးတင်ရှိပြီး လက်ရှိအစည်းအဝေးတွင် မှတ်တမ်းတင်ပါကြောင်း ထုတ်ပြန်သည်။
အာဏာရှင်စနစ် မှန်သမျှ ဖြုတ်ချရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပါအဝင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတွင် ULA/ AA၊ CNC/ CDF – မင်းတပ်၊ ချင်းညီနောင်အဖွဲ့၊ ICNCC တို့အပြင် ရည်ရွယ်ချက်တူညီသော အင်အားစုများနှင့် တော်လှန်ရေးပြီးဆုံးသည်အထိ လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု MTC က ထုတ်ပြန်သည်။
အစည်းအဝေးတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တချို့ရာထူးကို အတည်ပြုခြင်းတို့အပြင် လစ်လပ်ရာထူးတာဝန်များကို ပြန်လည်ရွေးကောက်ခြင်း၊ အတည်ပြုခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၃၀ ရက်မှ မေလ ၂ ရက်အထိ ဒုတိယအကြိမ်၊ မရာပြည်သူ့ ညီလာခံ သက်တမ်း၊ ဒုတိယအကြိမ် ပုံမှန် ကောင်စီအစည်းအဝေးကို MTC/ MDF ၏ ရုံးတစ်နေရာတွင် ကျင်းပခဲ့ကြောင်း မေလ ၄ ရက်မှာ ထုတ်ပြန်သည်။
အစည်းအဝေးကို ပြည်တွင်း/ပြည်ပ ကောင်စီဝင်များ၊ MDF ကိုယ်စားလှယ်များ၊ ကောင်စီဝင် CDM အစုအဖွဲ့များ၊ အမှုဆောင် စီမံအုပ်ချုပ်ရေး ကော်မတီဝင်များ၊ ဗဟိုတရားသူကြီးအဖွဲ့များ၊ စာရင်းစစ်အဖွဲ့ဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အကြံပေးများ၊ ICNCC နှင့် ချင်းညီနောင်မှ ကိုယ်စားလှယ်များ၊ အရှေ့မရာနှင့် အနောက်မရာမှ ဖိတ်ကြားထားသူများနှင့် လေ့လာစောင့်ကြည်သူများ စုစုပေါင်း ၆၃ ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ မရာဒေသတွင် MTC/ MDF နှင့် CDF- မရာ၊ CNF တို့ကြား သဘောထားကွဲလွဲမှုများကို ညှိနှိုင်း အဖြေရှာ မရဘဲ ၂၀၂၄ နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။
မရာနယ်မြေ ငြိမ်းချမ်းရေးကို အထူးအဆိုပြုတင်သွင်းပြီး အလေးအနက် ဆွေးနွေးခဲ့မှုနှင့် ပတ်သက်၍ MTC ကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါသည်။